တရားရေးဝန်ကြီးဌာနရှိ တာဝန်ရှိသူများနှင့် တရားသူကြီးများတွေ့ဆုံဆွေးနွေးသည့် အစည်းဝေးအမှတ်စဉ် ( ၂/၂၀၂၃)
ကျင်းပသည့်နေ့ရက် : ၂၀၂၃ ခုနှစ် ၊ဖေဖော်ဝါရီ လ ၊ (၁၁)ရက်
ကျင်းပသည့်အချိန် ၊ မြန်မာစံတော်ချိန် နံနက် (၁၀:၀၀)နာရီ(စနေနေ့)
အမျိုးသားညီညွှတ်ရေးအစိုးရ ၊ တရားရေးဝန်ကြီးဌာန ၊ ကြားကာလတရားစီရင်ရေးဆိုင်ရာဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် အာဏာအပ်နှင်းပြီးသော မြို့နယ်(၂၅)မြို့နယ်ရှိ တရားသူကြီးများနှင့်တွေ့ဆုံဆွေးနွေးခဲ့သည့် အစည်းဝေးအမှတ်စဉ်(၂/၂၀၂၃)အား ယနေ့ မြန်မာစံတော်ချိန် နံနက်(၁၀:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ တရားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦး၊ အမြဲတမ်းအတွင်းဝန် ဦးမင်းနောင်ခိုင် ၊ ကြားကာလတရားစီရင်ရေးဆိုင်ရာဦးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဦးရန်ကြီးအောင် ၊ ပြည်ထောင်စု ဝန်ကြီးရုံး ၏ ဒုတိယအမြဲတမ်း အတွင်းဝန် ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ ၊ ညွှန်ကြားရေးမှူးများနှင့်သက်ဆိုင်ရာ ဌာနတွင်းဝန်ထမ်းများ၊ မြေပြင်မြို့နယ်တရားရုံးများ၏ တရားသူကြီးများတက်ရောက်ခဲ့ကြပါသည်။
အဆိုပါ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦး မှ ကြားကာလတရားဥပဒေစိုးမိုးမှုအား ဖော်ဆောင်သည့်နေရာတွင် တရားရုံးများအနေဖြင့် လွန်စွာအရေးကြီးပြီး မြေပြင်တွင်ဆောင်ရွက်ပေးနေသော တရားသူကြီးများ၏ အခန်းကဏ္ဍသည် လွန်စွာအရေးကြီးကြောင်း၊ တရားသူကြီးများအနေဖြင့် မှန်ကန်သည့် ဆုံးဖြတ်ချက်များချမှတ်ပေးနိုင်ရန်အတွက် ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် အပြန်အလှန်ညှိနှိုင်းမှု၊အတွေ့အကြုံဖလှယ်မှုများ ပြုလုပ်နိုင်ရန် ယခုတွေ့ဆုံမှုသည် အရေးပါကြောင်း ၊ မိမိတို့၏အတွေ့အကြုံများဖြင့် ဖယ်ဒရယ်တရားစီရင်ရေးစနစ်ဖော်ဆောင်ရာတွင် အမှုများ မည်သို့မည်ပုံစီရင်ရမည့်ကိစ္စမှာ လွန်စွာအရေးကြီးကြောင်း ၊ ရှေ့ဆက်ပြီး တရားသူကြီးများ ပညာရပ်ပိုင်းဆိုင်ရာ စွမ်းရည်မြှင့်တင်နိုင်ရေးအတွက် လိုအပ်သည့် သင်တန်းများပို့ချသွားရန် အစီအစဉ်များလည်းရှိကြောင်း စသည်ဖြင့် အနာဂတ်မျှော်မှန်းချက်များအတွက် တရားဥပဒေစိုးမိုးရေးကို အလေးထားသည့် အဖွင့်အမှာစကားပြောကြားခဲ့ပြီး တက်ရောက်လာသူ MoJ တာဝန်ရှိသူများမှ မြေပြင်အခြေအနေအား မေးမြန်းဆွေးနွေးခြင်း ၊ မေးခွန်းများအပေါ် ပြန်လည်ဖြေကြားခြင်း ၊အစည်းအဝေးတွင် ဆွေးနွေးချက်များအပေါ် ဆောင်ရွက်ရန်ကျန်သည့် လုပ်ငန်းများအတွက် ဆုံးဖြတ်ချက် များချမှတ်ခြင်း ၊ ရှေ့လုပ်ငန်းစဉ် များချမှတ်၍ ပြည်ထောင်စုဝန်ကြီး၏ အတည်ပြုချက်ရယူပြီး အစည်းအဝေး အား မြန်မာစံတော်ချိန်
နေ့လည်(၁၂:၀၀)နာရီအချိန်တွင် အောင်မြင်စွာရပ်နားခဲ့ပါသည်။
ကြားကာလတရားစီရင်ရေးဆိုင်ရာဦးစီးဌာန
တရားရေးဝန်ကြီးဌာန