ကြားကာလတရားစီရင်ရေးဆိုင်ရာဦးစီးဌာန နှင့် မြေပြင်တရား သူကြီးများနှင့် တွေ့ဆုံဆွေးနွေးသည့် အစည်းအဝေးအမှတ်စဉ်(၉/၂၀၂၃) အောင်မြင်စွာကျင်းပပြီးစီး
အမျိုးသားညီညွတ်ရေးအစိုးရ ၊ တရားရေးဝန်ကြီးဌာနနှင့် မြေပြင်တရားသူကြီးများနှင့် တွေ့ဆုံ ဆွေးနွေးပွဲ အမှတ်စဉ်(၉/၂၀၂၃)ကို (၁၀-၆-၂၀၂၃) ရက်နေ့၊ မြန်မာစံတော်ချိန် နံနက် (၁၀:၀၀) နာရီ အချိန်တွင် စတင်ကျင်းပခဲ့သည်။
ထိုအခမ်းအနားသို့ တရားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ရုံးအဖွဲ့မှူးများ၊ ညွှန်ကြားရေးမှူးများ၊ ကြားကာလတရားစီရင်ရေးဆိုင်ရာ ဦးစီးဌာနမှ တာဝန်ရှိသူများ နှင့် မြေပြင်တရားရုံး(၂၈)ရုံးမှ တရားသူကြီးများ၊ ဆက်သွယ်ရေးတာဝန်ခံများ တက်ရောက်ခဲ့ကြသည်။
ပထမဦးစွာ တရားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှ အဖွင့်အမှာစကား ပြောကြားရာတွင် ယခုတစ်လ အတောအတွင်း နိုင်ငံရေးအရ အပြောင်းအလဲ ဖြစ်ခဲ့ကြောင်း၊ အဓိကအားဖြင့် စစ်ကိုင်းဖိုရမ် ကျင်းပခဲ့ပြီး အဆိုကိစ္စရပ်သည် နိုင်ငံရေးတိုးတက်မှု တစ်ဖက်ကို သွားနေသည့် ညွှန်းကိန်း တစ်ခု ဖြစ်ကြောင်း၊ အလားတူဖိုရမ်များအား အခြားသော တိုင်းဒေသကြီး၊ အခြားမြို့နယ်များ တွင်လည်း ကျင်းပကြမည့် အနေအထားဖြစ်ကြောင်း၊ အာဏာရှင်စနစ်ကို တိုက်ဖျက်ရာတွင် တဖြည်းဖြည်းနှင့် မိမိတို့အနေဖြင့် အပေါ်စီးရလာသည့် အနေအထား ဖြစ်ကြောင်း၊ စစ်ကိုင်းဖိုရမ်သည်နိုင်ငံရေးအရ မည်မျှအရေးပါသည်ကို မျက်ခြည်မပြတ် ကြည့်ရန်လို မည်ဖြစ်ကြောင်း၊ ဖက်ဒရယ်စနစ်ကို အခြေခံပြီး ဘယ်လောက်ထိ လုပ်နိုင်ပြီဆိုသည်ကို စစ်ကိုင်းဖိုရမ် ကျင်းပနိုင်ခြင်းကိုကြည့်၍ ခန့်မှန်းရနိုင်ကြောင်း၊ စစ်ကိုင်းဖိုရမ်၏ အဓိကအချက်မှာ ကိုယ့်ဒေသနှင့်ကိုယ် အတိုင်ပင်ခံကောင်စီတွေ ပေါ်ပေါက်လာစေရန်ဆိုသည့် ရည်မှန်းချက် ဖြစ်ကြောင်း၊ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးတို့တွင် မည်သို့လုပ်ဆောင်မည်၊ ဒေသဆိုင်ရာလိုအပ်ချက်များကို ဒေသ ပြည်သူလူထုများက ကိုယ်တိုင် ကိုယ်ကျ ပါဝင်လုပ်ဆောင်နိုင်သည့် အခွင့်အရေးကို ရရှိနိုင်ရန်အတွက် တစ်နိုင်ငံလုံး အတိုင်းအတာနှင့် များမကြာမီ ဖြစ်လာရန် အလားအလာရှိကြောင်း၊ အကြမ်းဖက်စစ်အုပ်စု၏ နယ်မြေစိုးမိုးနိုင်မှုမှာ တဖြည်းဖြည်းနှင့် ဆုတ်ယုတ်သွားပြီး နေပြည်တော်နှင့် အနီးတဝိုက်၊ ရန်ကုန်၊ မန္တလေးတို့တွင်သာ ရှိတော့သည့် အနေအထားအား တွေ့ရမည်ဖြစ်ကြောင်း၊ အခြားဒေသများတွင် တစ်စုံတစ်ရာအားဖြင့် ထိုးစစ်ဆင်နိုင်သည် ဆိုသော်လည်း လက်တွေ့ကျကျ ဒေသတစ်ခုလုံးကို လွှမ်းမိုးအုပ်ချုပ်နိုင်မှု တဖြည်းဖြည်းနှင့် လျော့နည်းလာသည်ကို မြေပြင်တွင် တာဝန်ထမ်းဆောင်သည့် တရားသူကြီးများအပါအဝင် အားလုံးသိပြီးဖြစ်ကြောင်း၊ စစ်ကောင်စီ၏ နောက်ဆုံးထွက်သက်ဖြစ်သည့် ဤပွဲကို မိမိတို့အားလုံးကြံ့ကြံ့ခံ ရင်ဆိုင်နိုင်မည်ဆိုက အောင်ပွဲသည် မိမိတို့ထံမလွဲမသွေ အနှေးနှင့်အမြန် ရောက်ရှိလာမည်ဖြစ်ကြောင်း၊ ထိုသို့ ဒေသများကို လွှမ်းမိုးလာမည်ဆိုပါက အရေးအကြီးဆုံးမှာ တရားဥပဒေစိုးမိုးရေးဖြစ်ကြောင်း၊ ယခုမြေပြင်တွင် တာဝန်ထမ်းဆောင်နေကြသည့် တရားသူကြီးများသည် တိုးတက်မှုဘက်ကို ပြောင်းလဲနေသည့် နိုင်ငံရေးအရွေ့တစ်ခုကို မျက်ခြည်မပြတ်ရန်လိုကြောင်း၊ တရားစီရင် ရေးလုပ်ငန်း လုပ်ဆောင်နေသည့် တရားသူကြီးများအနေဖြင့် မှန်ကန်မျှတသည့် တရားစီရင်ရေး စနစ်ကြီးတစ်ခုဖြစ်လာအောင် ဖော်ဆောင်နိုင်မည်ဆိုပါက ပြည်သူလူထု၏ ယုံကြည်မှု ရလာမည်ဖြစ်ကြောင်း၊ လူထုယုံကြည်မှုရလာသည်နှင့်အမျှ တရားစီရင်ရေးလုပ်ငန်း ပိုပြီးခိုင်မာလာမည်ဖြစ်ကြောင်း၊ တရားရုံးများအပေါ်တွင် လူထုက ပိုပြီး အမြင်ကြည်လင်လာပြီး ဥပဒေကို ကိုးကားချင်သူများ၊ ဥပဒေအကာအကွယ်ယူလိုသူများ များပြားလာမည်ဖြစ်ကြောင်း၊ တရားစီရင်ရေးအပေါ် ပြည်သူလူထုက ယုံကြည်မှုသည် အရေးအကြီးဆုံးနှင့် အခြေခံ အကျဆုံးဖြစ်ကြောင်း၊ လူထုမယုံကြည်ဘူးဆိုလျှင် ဖြစ်ပေါ်လာသည့် ပြဿနာများကို သူ့နည်းသူ့ဟန်နှင့် ရှင်းလင်းသွားကြမည်ဖြစ်ပြီး ထိုအခါမျိုးတွင် တရားဥပဒေစိုးမိုးရေး လုပ်ငန်းသည် ပျက်စီးမည်သာ ဖြစ်ကြောင်း၊ အနာဂတ်နိုင်ငံရေးတွင် ဖြစ်ပေါ်လာမည့် နိုင်ငံရေးအရွှေ့အပြောင်း တစ်ခုသည် မိမိတို့ကို သတိပေးနေသည့် လုပ်ငန်းတစ်ခုဖြစ်၍ မျက်ခြည်မပြတ်ကြည့်ရှု့ပြီး နိုင်ငံရေးအပြောင်းအလဲ၊ နိုင်ငံရေးတိုးတက်မှုတွင် မိမိတို့အနေဖြင့် လိုက်ပါဆောင်ရွက်နိုင်မည့် ရှေ့လုပ်ငန်းစဉ်များချမှတ်ကြရန်လိုအပ်ကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
ဆက်လက်၍ မြေပြင်တရားသူကြီးများ၏ ကြိုတင်မေးမြန်းထားသောမေးခွန်းများနှင့် သိရှိလိုသည့် အကြောင်းအရာများကို သက်ဆိုင်ရာ တာဝန်ရှိသူအသီးသီးက ပြန်လည်ဖြေကြားခဲ့ပြီးနောက် အစည်းအဝေးဆုံးဖြတ်ချက်များ၊ ရှေ့လုပ်ငန်းစဉ်များကို ပြည်ထောင်စုဝန်ကြီးမှ အတည်ပြုချမှတ်ခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးမှ မိမိတို့တော်လှန်ရေးသည်လည်း အားကောင်းပြီး မျှော်လင့်ချက် ရောင်ခြည်လည်း မြင်နေရပြီဖြစ်ကြောင်း၊ လွန်ခဲ့သည့် နှစ်နှစ်ကထက်စာလျင် အင်မတန်ပင် မျှော်လင့်ချက် ခိုင်မာနေပြီ ဖြစ်ကြောင်း၊ မြေပြင်တွင် တာဝန်ထမ်းဆောင် နေကြသည့် တရားသူကြီးများနှင့် တရားရေးဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်နေကြသော ပုဂ္ဂိုလ်များအားလုံးသည် နိုင်ငံအကျိုးစီးပွားနှင့် မျိုးဆက်သစ်များအတွက် တော်လှန်ရေး မိသားစုစိတ်ဓာတ်ဖြင့် ကြိုးစားဆောင်ရွက် နေကြခြင်းဖြစ်၍ ကျေးဇူးတင်ကြောင်း နိဂုံးချုပ် အမှာစကားအား ပြောကြားပြီး အစည်းအဝေးအား မြန်မာစံတော်ချိန် နေ့လယ် (၀၁:၃၀) အချိန်တွင် ရုပ်သိမ်းခဲ့သည်။
ကြားကာလတရားစီရင်ရေးဆိုင်ရာဦးစီးဌာန
တရားရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ
Join Our Telegram Channel…. https://t.me/nug_moj