အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးဌာန
(၁၄၈)နှစ်မြောက် ကရင်နီ အမျိုးသားနေ့အား ကြိုဆိုဂုဏ်ပြုသဝဏ်လွှာ
၁။ ယနေ့ကျရောက်သည့် (၁၄၈)နှစ်မြောက် ကရင်နီအမျိုးသားနေ့ အချိန်အခါသမယတွင် မြန်မာနိုင်ငံအတွင်းနှင့် ကမ္ဘာ့နေရာဒေသအသီးသီးတွင်ရောက်ရှိနေကျသော ပြည်ထောင်စုဖွား ကရင်နီ တစ်မျိုးသားလုံး ဘေးရန်အပေါင်းကင်းဝေးကြပြီး စိတ်သစ်၊ အားအင်သစ်၊ ညီညွတ်သောစုစည်းမှုဖြင့် နိုင်ငံရေးနှင့် တော်လှန်ရေးအမြင်သစ်တို့ကို အခြေပြုလျက် ဖက်ဒရယ် ဒီမိုကရေစီပန်းတိုင်သို့ အမြန်ဆုံး ရောက်ရှိနိုင်ပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။
၂။ ကရင်နီပြည်နယ်သည် သီးခြားလွတ်လပ်သော ပြည်နယ်အဖြစ် ၁၈၇၅ခုနှစ်၊ ဇွန်လ (၂၁)ရက်နေ့တွင် စတင်အသိအမှတ်ပြုခံခဲ့ရပြီး ထိုနေ့အား ကရင်နီအမျိုးသားနေ့အဖြစ် ဂုဏ်ပြုသတ်မှတ်ခဲ့ကြသည်မှာ ယခုဆိုလျှင် (၁၄၈)နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်သည်။ ထိုကဲ့သို့သော သီးခြားလွတ်လပ်၍ ဂုဏ်သိက္ခာ အစဉ်အလာကြီးမားသော ကရင်နီမြေတွင် ရှင်သန်နေထိုင်ခဲ့ကြသည့် ကရင်နီတိုင်းရင်းသားတို့သည်လည်း စစ်အာဏာရှင်စနစ်အား လက်မခံဘဲ ရွပ်ရွပ်ချွံချွံ တွန်းလှန်တိုက်ပွဲဝင်လာခဲ့ကြပြီး ယခုအခါ ကရင်နီတိုင်းရင်းသားတို့၏အိပ်မက်ဖြစ်သော အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ဖက်ဒရယ်ပြည်ထောင်စုအဖွဲ့ဝင်အဖြစ် ပူးပေါင်းဆောင်ရွက်ရေး စသည့် ရည်မှန်းချက်များ အကောင်အထည်ပေါ်လာရန် အနီးစပ်ဆုံးအခြေအနေသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်ပါသည်။
၃။ တရားရေးဝန်ကြီးဌာနအနေဖြင့်လည်း ကရင်နီတိုင်းရင်းသားများအပါအဝင် မြန်မာနိုင်ငံရှိ တိုင်းရင်းသားပြည်သူအားလုံးအတွက် တရားမျှတမှုနှင့် တန်းတူညီမျှမှုဆိုင်ရာ အခြေခံမူများရရှိစေရန်နှင့် ငြိမ်းချမ်း၍လွတ်လပ်သော လူ့ဘောင်သစ်တစ်ရပ်ကို တည်ဆောက်ရန် မြန်မာနိုင်ငံရှိ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအားလုံးနှင့် လက်တွဲ၍ စစ်အာဏာရှင်စနစ် ပျက်သုဉ်းသည်အထိ ဆက်လက် ကြိုးပမ်း ဆောင်ရွက်သွားမည် ဖြစ်သည်။
၄။ မြန်မာနိုင်ငံတွင် အမြစ်တွယ်နေသော စစ်အာဏာရှင်စနစ်ကို နိုင်ငံတဝှမ်းရှိ အင်အားစုများနှင့်အတူ လက်တွဲဖြိုချပြီး ပြည်သူများ လိုလားတောင့်တလျက်ရှိသော တန်းတူညီမျှသည့် ဖက်ဒရယ် ပြည်ထောင်စုကြီးကို တည်ထောင်နိုင်ရန် ပူးပေါင်း ကြိုးစားဆောင်ရွက်လျက်ရှိကြသော ပြည်တွင်း၊ ပြည်ပရှိ ကရင်နီတစ်မျိုးသားလုံးနှင့် တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံးအား အထူးကျေးဇူးတင် အသိအမှတ်ပြုရင်း ဤဂုဏ်ပြု သဝဏ်လွှာအား ပေးပို့အပ်ပါသည်။
တရားရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ
Join Our Telegram Channel…. https://t.me/nug_moj
