ကြားကာလပြည်သူ့တရားစီရင်ရေး ဖော်ဆောင်မှုကော်မတီ အစည်းအဝေး (၇/၂၀၂၃)ကို (၂၉-၇-၂၀၂၃) ရက်နေ့ ( ၁၁:၀၀)နာရီ အချိန်တွင် စတင်ကျင်းပခဲ့သည်။
အစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ ဒုတိယဥက္ကဋ္ဌ၊ တရားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦး၊ ကော်မတီ အတွင်းရေးမှူး၊ တရားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမင်းနောင်ခိုင်နှင့် ကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။
ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အဖွင့်အမှာစကားပြောကြားရာတွင် ယခုကာလသည် ဥပဒေများလုပ်ထုံးလုပ်နည်းများအတိုင်း သတိကြီးစွာထားပြီး လုပ်ကိုင်ဆောင်ရွက်ရသည့်အပြင် တော်လှန်ရေးကာလဖြစ်သည့်အတွက် တရားရေးဝန်ကြီးဌာန၏ တရားစီရင်ရေးမဏ္ဍိုင်ကို လက်တွေ့ အကောင်အထည် ဖော်ဆောင်ရာတွင် အခက်အခဲများ များစွာ ရှိမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာ ဝန်ကြီးဌာနအချင်းချင်း ချိတ်ဆက်ပူးပေါင်းဆောင်ရွက်မှုသည် လွန်စွာအရေးကြီးကြောင်း ပြောကြားခဲ့သည်။
ထို့နောက် အစည်းအဝေးတက်ရောက်လာသူများမှ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြပြီးနောက် တရားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦးက တော်လှန်ရေးရှေ့တစ်လှမ်းတိုးရန် လိုအပ်ကြောင်း၊ တရားရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနများသည် ထဲထဲဝင်ဝင် ပေါင်းစပ်ဆောင်ရွက်နိုင်ရန် အရေးကြီးကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများအားလုံး ဝိုင်းဝန်းကြိုးပမ်းကြရန် လိုအပ်ကြောင်း ပြောကြား၍ အစည်းအဝေးအား မွန်းလွဲ (၁:၃၀)နာရီတွင် အောင်မြင်စွာ ရပ်နားခဲ့သည်။
Join Our Telegram Channel…. https://t.me/nug_moj
တရားရေး၀န်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ
