အမျိုးသားညီညွတ်ရေးအစိုးရ
တရားရေးဝန်ကြီးဌာန
၂၀၂၃ ခုနှစ်၊ ဩဂုတ် လ ၊(၁၃) ရက်

တရားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နှင့်မြို့နယ်တရားရုံးများမှတရားသူကြီး များတွေ့ဆုံဆွေးနွေးသည့် အစည်းအဝေး အမှတ်စဉ်(၁၁/၂၀၂၃)

 အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် မြို့နယ် တရားရုံးများမှ တရားသူကြီးများတွေ့ဆုံဆွေးနွေးသည့် အစည်းအဝေး(၁၁/၂၀၂၃)ကို (၁၃.၈.၂၀၂၃) ရက်နေ့ မြန်မာစံတော်ချိန် မနက်(၁၀:၀၀)အချိန်တွင် စတင်ကျင်းပခဲ့ပါသည်။

ထိုအစည်းအဝေးသို့ တရားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦး၊ အမြဲတမ်း အတွင်းဝန် ဒေါ်မေအောင်သူ၊ ဒုတိယအတွင်းဝန် ဦးမင်းနောင်ခိုင်နှင့် ဒေါ်လင်းထက်စံ၊တရားဥပဒေစိုးမိုးရေးနှင့်အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု ဆိုင်ရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးတင်ထွန်းသိန်း၊ ကြားကာလတရားစီရင်ရေးဆိုင်ရာဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးရန်ကြီးအောင်၊ တရားစွဲနှင့်အမှုလိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနိုင်မျိုးထွန်း၊ ဉပဒေအကြံဉာဏ်ပေးရေးနှင့်ဉပဒေများ စိစစ်အကြံပြုရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအားမာန်၊ ညွှန်ကြားရေးမှူးများ၊ ရုံးအဖွဲ့မှူးများ၊ တရားရေးဝန်ကြီးဌာန အကြံပေးပုဂ္ဂိုလ်များ၊ ကြားကာလတရားစီရင်ရေးဆိုင်ရာဦးစီးဌာနမှ တာဝန်ရှိဝန်ထမ်းများ၊ မြေပြင်တရားရုံးများမှ တရားသူကြီးများ ဆက်သွယ်ရေးတာဝန်ခံများ တက်ရောက်ခဲ့ကြပါသည်။
ပထမဦးစွာ ပြည်ထောင်စုဝန်ကြီးဦးသိန်းဦးမှ နှုတ်ခွန်းဆက်အဖွင့်အမှာစကားပြောကြား ရာတွင် တရားရေးဝန်ကြီးဌာနသည် တရားစီရင်ရေးအတွက် တရားရုံး တရားသူကြီးများ၊ ဥပဒေ တာဝန်ခံများ၊ အကျဉ်းဦးစီးဌာနဝန်ထမ်းများနှင့် ဝန်ကြီးဌာနများ၏ လုပ်ဆောင်ရမည့် လုပ်ငန်း ဆောင်တာများကို သုံးချောင်းထောက်ပုံစံစနစ်အတိုင်း ဆောင်ရွက်နေသည်ဖြစ်ကြောင်း၊ နွေဦး တော်လှန်ရေးကာလအတွင်း အချင်းချင်းဖြစ်ပွားနေသည့် ပြဿနာများကို ကိုင်တွယ်ဖြေရှင်းရာ၌ တရားရုံးများအနေဖြင့် မှန်မှန်ကန်ကန်ဆုံးဖြတ်ဆောင်ရွက်နိုင်ရန်လိုအပ်ကြောင်း၊ ယခင်ကမတူကွဲပြားခြားနားနေသည့် ဌာန(၃)ခုဖြစ်သည့် တရားရေး၊ ဥပဒေ၊ အကျဉ်းဦးစီးဌာနများမှာ ယခုအခါ တရားရေးဝန်ကြီးဌာနဟူ၍ တူညီသည့် ဝန်ကြီးဌာနအောက်တွင် ပူးပေါင်းဆောင်ရွက်ရာ နွေဦးတော်လှန်ရေးကာလအတွင်း မှန်ကန်သည့်အခင်းအကျင်းပုံစံများဖြင့် ကောင်းမွန်စွာလုပ်ဆောင်နေပြီဖြစ်ပါ ကြောင်း၊ ယခုကာလအတွင်း ရာဇဝတ်ဆိုင်ရာတရားမျှတမှုများကို ဖော်ဆောင်နိုင်ရေးအတွက် အဓိက လုပ်ဆောင်ရမည်ဖြစ်ပြီး တော်လှန်ရေးအောင်မြင်သွားသည့်တိုင်အောင် ယခုလုပ်ငန်းများမှာ ရပ်တန့် ၍မရဘဲ ဆက်လက်လုပ်ဆောင်ရမည့်အနေအထားဖြစ်ကြောင်း၊ အကျဉ်းထောင်များ အနေဖြင့်လည်း တရားရေးဝန်ကြီးဌာနလက်အောက်တွင် ရှိနေပြီဖြစ်ကြောင်း၊ တရားရုံးများအနေဖြင့် နွေဦးတော်လှန် ရေး ရင့်ကျက်လာသည်နှင့်အမျှ တရားစီရင်ရေးလုပ်ငန်းများတွင်လဲ တော်လှန်ရေးနှင့်အတူ ရင့်ကျက်ရန် လိုကြောင်း၊ တရားရေးဝန်ကြီးဌာနအနေဖြင့် ရည်မှန်းထားသည့်အတိုင်း ၂၀၂၃ ခုနှစ်တွင် မြို့နယ် တရားရုံးပေါင်း (၁၀၀)ဖွဲ့စည်းသွားနိုင်ရန် ဆောင်ရွက်ခြင်းဖြင့် နွေဦးတော်လှန်ရေးအောင်မြင်မှု လမ်းကြောင်းအပေါ် အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း၊ တော်လှန်ရေးကာလ အတွင်း မဖြစ်ပွားသင့်သော မှုခင်းများဖြစ်နေခြင်းမှာ ခြံစည်းရိုးမလုံသည့်ကိစ္စအနေဖြင့် တရားရုံးများမရှိသေးသည့် နေရာများတွင်သာ အဖြစ်များနေသည်ကို တွေ့ရကြောင်း၊ ဝန်ကြီးဌာန အနေဖြင့် သုံးချောင်းထောက်ပုံစံဖြင့် လုပ်ငန်းလည်ပတ်နေခြင်းသည် တော်လှန်ရေး၏ အလွန်အရေး ကြီးသည့် အခြေအနေသို့ ရောက်ရှိနေပြီဖြစ်ရာ တရားသူကြီးများအနေဖြင့် ပိုမိုကောင်းမွန်သည့် ကြိုး စားအားထုတ်မှုမျိုးဖြင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်းကို ယနေ့အစည်းအဝေးတွင် အဓိကထားပြောကြားလိုကြောင်း၊ တရားစီရင်ရေးလုပ်ငန်းများအောင်မြင်ရန်အတွက် မိမိတို့ဝန်ကြီးဌာန၏ သုံးချောင်း ထောက်ပုံစံအပြင် တရားခံဖမ်းဆီး ၊မှုခင်းများဖော်ထုတ်ပေးနေသည့် ပြည်ထဲရေးဝန်ကြီးဌာန၊ နယ်မြေ စိုးမိုးမှုရရှိအောင် ဆောင်ရွက်ပေး‌နေသည့် ကာကွယ်ရေးဝန်ကြီးဌာနတို့နှင့်လည်း ညှိညှိနှိုင်းနှိုင်း ပူးပေါင်းဆောင်ရွက်ရန် လိုကြောင်း၊ မိမိတို့ဆောင်ရွက်နေသည့် လုပ်ငန်းများ အောင်မြင်မှုရရှိနိုင်ရန် စနစ်တကျဖြင့် ဆောင်ရွက်ရာတွင် အချင်းချင်းညီညွတ်မှုရှိရှိ ချိတ်ဆက်မှုအားကောင်းကောင်းဖြင့် ဆောင်ရွက်ရန်လိုကြောင်း၊ နေရာဒေသအလိုက် တာဝန်ယူဆောင်ရွက်နေသည့် တရားသူကြီးများ အနေဖြင့် မိမိတို့လုပ်ငန်းအပေါ် ထဲထဲဝင်ဝင် သိရှိနိုင်မှသာ စွမ်းစွမ်းတမံ အောင်မြင်မှုရအောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းနှင့် တက်ရောက်လာသူများအား ကျေးဇူးအထူးတင်ရှိပါကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
ထို့နောက်တက်ရောက်လာသူတရားသူကြီးများမှ မေးမြန်းမှုများအပေါ် တာဝန်ရှိသူများမှ အသီးသီးပြန်လည် ဖြေကြားခဲ့ပြီး အစည်းအဝေးဆုံးဖြတ်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များအား ချမှတ်ကာ အစည်းအဝေးအား မြန်မာစံတော်ချိန် ညနေ(၃း၀၀)နာရီ အချိန်တွင် အောင်မြင်စွာ ရပ်နားခဲ့ပါသည်။

ကြားကာလတရားစီရင်ရေးဆိုင်ရာဦးစီးဌာန
တရားရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်