မြို့နယ်ဥပဒေတာဝန်ခံများနှင့် တွေ့ဆုံဆွေးနွေးခြင်း အစည်းအဝေးအမှတ်စဥ် (၁၂/၂၀၂၃) အခမ်းအနားကို (၁၆-၉-၂၀၂၃) ရက်နေ့၊မြန်မာစံတော်ချိန် နံနက် (၁၀) နာရီတွင် ကျင်းပခဲ့သည်။
ထိုအခမ်းအနားသို့ တရားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦး၊ အမြဲတမ်းအတွင်းဝန်ဒေါ်မေအောင်သူနှင့် တာ၀န်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ တရားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦးမှ အဖွင့်အမှာစကား ပြောကြားရာတွင် တရားရေးဝန်ကြီးဌာနသည် တရားရုံးများ၊ ဥပဒေရုံးများနှင့် အကျဉ်းဦးစီး ဌာနဟူသော ဌာန(၃)ခုပေါင်းစပ်ထားသည့် ဝန်ကြီးဌာနတစ်ခုဖြစ်ကြောင်း၊ သုံးချောင်း ထောက် တရားစီရင်ရေးစနစ်တွင် တရားရုံးများ၌တရားသူကြီးက အမှုစီရင်ဆုံးဖြတ်သော် လည်း တရားရုံးမရောက်မီအမှုတွဲများကို ခိုင်ခိုင်မာမာနှင့် အခြေခံကျကျတည်ဆောက် နိုင်ရေး မှာ ဥပဒေတာဝန်ခံများ၏ အခန်းကဏ္ဍဖြစ်သောကြောင့် အလွန်အရေးကြီးကြောင်း၊ သုံးချောင်း ထောက် စနစ်အားနည်းလျှင် တရားစီရင်ရေးစနစ်လည်း အားနည်းသွားမည်ဖြစ်ကြောင်း၊ မြို့နယ်များတွင် တရားဥပဒေစိုးမိုးရေးကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် တရား ဥပဒေစိုးမိုးရေးကော်မတီများ မကြာမီပေါ်ပေါက်လာတော့မည်ဖြစ်ကြောင်း၊ တရားဥပဒေ စိုးမိုးရေးလမ်းကြောင်းပေါ်သို့သွားရာတွင် “လူခင်တော့မူပြင်၊ လူမုန်းတော့မူသုံး”ဆိုသော စကားအတိုင်း မဖြစ်စေရန် တော်လှန်ရေး၏ အခက်အခဲများကို တတ်နိုင်သမျှကျော်လွှားသွား ကြရန်လိုအပ်သောကြောင့် တရားစီရင်ရေးမဏ္ဍိုင်တွင်ပါဝင်နေသော တစ်ဦးတစ်ယောက်ချင်း စီတိုင်း အရည်အချင်းပြည့်ဝနေရန်လိုအပ်ကြောင်းပြောကြား၍ အစည်းအဝေးအခမ်းအနားကို စတင်ခဲ့သည်။
ဆက်လက်၍ ဥပဒေတာဝန်ခံများ၏ ကြိုတင်မေးမြန်းချက်များအပေါ်သက်ဆိုင်ရာ ဦးစီးဌာနမှတာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခြင်း၊ အထွေထွေဆွေးနွေးခြင်း၊ အစည်းအဝေး ဆုံးဖြတ်ချက်ချမှတ် ခြင်းနှင့် ရှေ့လုပ်ငန်းစဥ်များ ချမှတ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။
ထို့နောက်အစည်းအဝေးဆုံးဖြတ်ချက်နှင့် ရှေ့လုပ်ငန်းစဥ်များအား တရားရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦးမှ အတည်ပြုပေးခဲ့ပြီး အစည်းအဝေးတက်ရောက်လာကြသူများအားလုံး ဘေးကင်းလုံခြုံကြပါစေကြောင်း ဆုမွန် ကောင်းတောင်း နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပြီး အစည်းအဝေးကို မြန်မာစံတော်ချိန် နေ့လယ် ၁၂ နာရီ ၁၂ မိနစ် အချိန်တွင် အောင်မြင်စွာ ရပ်နားခဲ့သည်။
တရားစွဲနှင့်အမှုလိုက်ဦးစီးဌာန
တရားရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ
