အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် မြို့နယ် တရားရုံးများမှ တရားသူကြီးများတွေ့ဆုံဆွေးနွေးသည့် အစည်းအဝေးအမှတ်စဉ်(၁၃/၂၀၂၃)ကို (၁၄.၁၀.၂၀၂၃) ရက်နေ့ မြန်မာစံတော်ချိန် မနက်(၁၀:၀၀)အချိန်တွင် စတင်ကျင်းပခဲ့ပါသည်။
ထိုအစည်းအဝေးသို့တရားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဉီးသိန်းဦး၊တရားရေးဝန်ကြီးဌာန၏ဌာနအသီးသီးမှညွှန်ကြားရေးမှူးချုပ်များ၊ညွှန်ကြားရေးမှူးများ၊ ကြားကာလတရားစီရင်ရေး ဆိုင်ရာဦးစီးဌာနမှ ရုံးအဖွဲ့နှင့်တာဝန်ရှိ ဝန်ထမ်းများ၊ မြေပြင်တရားရုံးများမှ တရားသူကြီးများ တက်ရောက်ခဲ့ကြပါသည်။
ပထမဦးစွာပြည်ထောင်စုဝန်ကြီးဉီးသိန်းဦးမှအဖွင့်အမှာစကားပြောကြားရာတွင် တရားရုံး အသီးသီးတွင် ကျရာအခန်းကဏ္ဍအလိုက်တာဝန်ထမ်းဆောင်နေကြသော တရားသူကြီးများနှင့် ဝန်ကြီးဌာနရှိဝန်ထမ်းများအားလုံးအား အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ ဝန်ကြီးဌာနစတင်ခဲ့သည့် တစ်နှစ်ကျော်ကာလအတွင်းမှ စတင်ကာအောင်မြင်ခဲ့သည့် လုပ်ငန်းဆောင်ရွက်မှုမှာ မိမိတို့၏ ထိန်းချုပ်နယ်မြေများအတွင်း တရားစီရင်ရေးဆောင်ရွက်ခဲ့သည့် လုပ်ငန်းဖြစ်ကြောင်း၊ နိုင်ငံတကာအနေဖြင့်လည်း အသိအမှတ်ပြုသဖြင့် နွေဦးတော်လှန်ရေး၏ အောင်မြင်မှု အသီးအပွင့် ဖြစ်ကြောင်း ဒီထက်ပိုမိုကောင်းမွန်အောင်ဆောင်ရွက်နိုင်စေရန်အတွက် တရားရေးဝန်ကြီးဌာန အနေဖြင့်လည်း နိုင်ငံတကာနှင့်ဆက်သွယ်ကာ လိုအပ်သော သင်တန်းများ ပိုမိုပို့ချနိုင်အောင် ဆောင်ရွက်ထားကြောင်း၊ တရားမျှတမှုဖော်ဆောင်မှု လုပ်ဆောင်ရာတွင်လည်း တရားသူကြီး၊ ဥပဒေအရာရှိအပါအဝင် သုံးချောင်းထောက်စနစ်အောက်၌ တာဝန်ယူ ဆောင်ရွက်နေသူများအားလုံး ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ထို့ကြောင့် တရားစီရင်ရေးလုပ်ငန်းကို ကူညီပံ့ပိုးပေးနိုင်သည့် အခြားသောဝန်ကြီးဌာနများနှင့်လည်း ပူးပေါင်းဆောင်ရွက်နေကြောင်း အဖွင့်အမှာစကားပြာကြားခဲ့ပါသည်။
ထို့နောက်တက်ရောက်လာသူ တရားသူကြီးများမှ မေးမြန်းမှုများအပေါ် တာဝန်ရှိသူများမှ အသီးသီးပြန်လည် ဖြေကြားခဲ့ပြီး အစည်းအဝေးဆုံးဖြတ်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များအား ချမှတ်ကာ အစည်းအဝေးအား မြန်မာစံတော်ချိန် နေ့လယ်(၁၁း၀၀)နာရီ အချိန်တွင် အောင်မြင်စွာပြီးဆုံး ရပ်နားခဲ့ပါသည်။
ကြားကာလတရားစီရင်ရေးဆိုင်ရာဦးစီးဌာန
တရားရေးဝန်ကြီးဌာန အမျိုးသားညီညွတ်ရေးအစိုးရ
