ကြားကာလပြည်သူ့တရားစီရင်ရေး ဖော်ဆောင်မှုကော်မတီ အစည်းအဝေး အမှတ်စဉ် (၁၁/၂၀၂၃)ကို (၁-၁၁-၂၀၂၃) ရက်နေ့ ညနေ ( ၃:၀၀)နာရီ အချိန်တွင် စတင်ကျင်းပခဲ့သည်။

အစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌ- ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ ဒုတိယဥက္ကဋ္ဌ (၁) – CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်၊ ဒုတိယဥက္ကဋ္ဌ (၂) -တရားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦးနှင့် ကော်မတီဝင်များ၊ ဖိတ်ကြားထားသည့် ဥပဒေပညာရှင်များနှင့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

ပထမဦးစွာ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အမျိုးသားညီညွတ်ရေးအစိုးရ၏ ခိုင်မာအားကောင်းသော တရားဥပဒေစိုးမိုးရေးနှင့် တရားစီရင်ရေး ကဏ္ဍတစ်ခုဖြစ်လာစေရန် ကြားကာလပြည်သူ့တရားစီရင်ရေး ဗဟိုကော်မတီကို ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း၊ မိမိတို့သည် စစ်ရေးအောင်ပွဲများပိုမိုရရှိလာသဖြင့် ထိန်းချုပ်နယ်မြေများလည်း ကျယ်ပြန့်လာခဲ့ကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ၏ အုပ်ချုပ်ရေး စွမ်းဆောင်ရည်နှင့် တရားဥပဒေစိုးမိုးရေး ဖော်ဆောင်နိုင်မှုစွမ်းဆောင်ရည်ကို ပြည်သူနှင့်နိုင်ငံတကာက အကဲဖြတ်နေကြချိန်ဖြစ်ကြောင်း၊ မိမိတို့သည် ဖက်ဒရယ်ပြည်ထောင်စုကို မျှော်မှန်းပြီး တိုင်းပြည် ပြန်လည်တည်ဆောက်ကြရမည် ဖြစ်သောကြောင့် ဗဟိုချုပ်ကိုင်မှုစနစ်ကို ဖြေလျှော့ပေးနိုင်မည့် စနစ်များ၊ ယန္တရားများကို ယခုကတည်းက တွေးဆဖော်ဆောင်ထားကြရန်လည်းလိုအပ်ကြောင်း၊ ယနေ့ ဆွေးနွေးကြမည့် ကြားကာလတရားစီရင်ရေးမူဝါဒသည် ယခုကဲ့သို့ အချိန်ကာလအတွက် လွန်စွာအရေးကြီးသောကြောင့် သေသေချာချာ ဝိုင်းဝန်းဆွေးနွေးကြပြီး မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်ဆောင်ကြရမည် ဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ဆက်လက်၍ အစည်းအဝေးတက်ရောက်လာသူများမှ ကြားကာလတရားစီရင်ရေးမူဝါဒများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ကြပြီးနောက် တင်ပြလာသည့် တရားစီရင်ရေးမူဝါဒများနှင့် စပ်လျဉ်း၍ အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။ ထို့နောက် ကော်မတီဥက္ကဋ္ဌ- ပြည်ထောင်စုဝန်ကြီးချုပ်က တရားစီရင်ရေးဖော်ဆောင်မှု လုပ်ငန်းများသည် မိမိတို့ အစိုးရ၏ စွမ်းဆောင်ရည် ပြည့်ဝမှု သမိုင်းမှတ်တမ်းကို မှတ်ကျောက်တင်မည့် ကိစ္စရပ်များထဲမှ တစ်ခုဖြစ်သည့်အပြင် စစ်ရေးအောင်ပွဲများ အလီလီ ဆွတ်ခူးလာနေပြီးအရေးကြီးသည့် အချိန်ကာလကို ရောက်လာပြီဖြစ်သောကြောင့် မိမိတို့ လုပ်သင့်သည့်အရာများကို ပိုင်း၀န်းတိုင်ပင်ကြပြီး မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်ပေးကြရန်လိုအပ်ကြောင်း၊ တော်လှန်ရေးတွင် ယခုတိုင် မဆုတ်မနစ် ပါဝင်ပေးနေကြသည့် ပုဂ္ဂိုလ်အားလုံး၏ ကာယ၊ ဉာဏ ပေးဆပ်မှုများအားလုံးကို လေးစားတန်ဖိုးထားကြောင်းနိဂုံးချုပ် အမှာစကားပြောကြားခဲ့ပြီး အစည်းအဝေးအား ညနေ (၅:၁၅)နာရီတွင် အောင်မြင်စွာ ရပ်နားခဲ့သည်။

Join Our Telegram Channel…. https://t.me/nug_moj

တရားရေး၀န်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်