အမျိုးသားညီညွတ်ရေးအစိုးရ

တရားရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး၏ နှစ်သစ်ကူး သဝဏ်လွှာ

၂၀၂၄ ခုနှစ်၏ နှစ်သစ်အခါသမယနေ့တွင် မြန်မာနိုင်ငံသူ၊ နိုင်ငံသားများနှင့် ကမ္ဘာအရပ်ရပ် တွင် ရောက်ရှိနေကြသော နွေဦးတော်လှန်ရေး မိသားစုများအားလုံးနှင့် အတူတကွ တရားရေး ဝန်ကြီးဌာနရှိ သက်ဆိုင်ရာ မြို့နယ်များတွင် တာဝန်ထမ်းဆောင်နေသည့် တရားသူကြီးများ၊ ဥပဒေတာဝန်ခံများ၊ သက်ဆိုင်ရာ ဦးစီးဌာနများတွင် တာဝန်ထမ်းဆောင်နေသော အရာထမ်း၊ အမှုထမ်းများ၊ အကြံပေးပုဂ္ဂိုလ်များနှင့် တော်လှန်ရေး ရဲဘော်ရဲဘက် နိုင်ငံ့ဝန်ထမ်းများအားလုံး နှစ်သစ်တွင် စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံပါစေကြောင်း တရားရေးဝန်ကြီးဌာန ကိုယ်စား ဆုမွန်ကောင်းတောင်းအပ်ပါသည်။

တရားရေးဝန်ကြီးဌာန အနေဖြင့် ၂၀၂၃ ခုနှစ်အတွင်း တရားဥပ‌ဒေစိုးမိုးရေးအတွက် စွမ်းစွမ်းတမံ ကြိုးပမ်းဆောင်ရွက်ခဲ့ကြသူများ၊ စွန့်လွှတ်ပေးဆပ်သွားခဲ့ကြသူများနှင့် လက်တွဲဆောင်ရွက်လျက်ရှိကြသော တော်လှန်ရေးရဲဘော်ရဲဘက်များအားလုံးကို အထူးအလေးထား အသိအမှတ်ပြု မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။

တရားရေးဝန်ကြီးဌာနအနေဖြင့် ၂၀၂၃ ခုနှစ်အတွင်း တော်လှန်ရေးအတွက် အောင်မြင်မှုများ ရရှိသကဲ့သို့ ၂၀၂၄ ခုနှစ်တွင် အားနည်းချက်များကို စနစ်တကျ သုံးသပ်ပြီး အချိန်မီ ပြုပြင် ပြောင်းလဲ၍ အားသာချက်များကိုလည်း ပိုမိုကောင်းမွန်လာစေရန် အားထုတ်ကြိုးပမ်း ဆောင်ရွက်သွားကြမည် ဖြစ်ပါသည်။

၂၀၂၄ ခုနှစ်သည် တော်လှန်ရေး၏ အရှိန်အဟုန် အင်မတန် မြင့်မားပြီး တော်လှန်ရေး အောင်မြင်တော့မည့်လက်တကမ်း အချိန်အခါ ဖြစ်သည်နှင့်အညီ တော်လှန်ရေး ရဲဘော်ရဲဘက် များအားလုံး အများပြည်သူအကျိုး ဆထက်ထမ်းပိုး ဆောင်ရွက်နိုင်ကြ၍ မဝေးတော့သော ဖက်ဒရယ်ဒီမိုကရေစီပြည်သစ်ဆီသို့ အမြန်ဆုံးလှမ်းချီနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

သိန်းဦး

ပြည်ထောင်စုဝန်ကြီး

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်