အမျိုးသားညီညွတ်ရေးအစိုးရ

တရားရေးဝန်ကြီးဌာန

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ လ၊ ၁၀ ရက်နေ့။

ကြားကာလတရားစီရင်ရေးဆိုင်ရာဦးစီးဌာန နှင့် မြေပြင်တရား သူကြီးများ တွေ့ဆုံဆွေးနွေးသည့် အစည်းအဝေးအမှတ်စဉ်(၂ /၂၀၂၄) အောင်မြင်စွာကျင်းပပြီးစီး

အမျိုးသားညီညွတ်ရေးအစိုးရ ၊ တရားရေးဝန်ကြီးဌာနနှင့် မြေပြင်တရားသူကြီးများ တွေ့ဆုံ ဆွေးနွေးပွဲ အမှတ်စဉ်(၂ /၂၀၂၄)ကို (၁၀-၁-၂၀၂၄) ရက်နေ့ မြန်မာစံတော်ချိန် နံနက် (၁၀:၀၀) နာရီ အချိန်တွင် စတင်ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ကြားကာလတရားစီရင်ရေးဆိုင်ရာ ညွှန်ကြားရေးမှူးချုပ် ၊ ရုံးအဖွဲ့မှူး ၊ ညွှန်ကြားရေးမှူးများ၊ ကြားကာလတရားစီရင်ရေးဆိုင်ရာဦးစီးဌာနမှ တာဝန်ရှိဝန်ထမ်းများ နှင့် မြေပြင်တရားရုံး (၂၈) ရုံးမှ တရားသူကြီးများ၊ ဆက်သွယ်ရေး တာဝန်ခံများ တက်ရောက်ခဲ့ကြသည်။

ပထမဦးစွာ တရားရေးဝန်ကြီးဌာန၊ ကြားကာလတရားစီရင်ရေးဆိုင်ရာဦးစီးဌာန ညွှန်ကြားရေးမှုးချုပ်မှ အဖွင့်အမှာစကားပြောကြားရာတွင် တရားရုံးများတွင် နေ့စဉ်နှင့်အမျှကြုံတွေ့နေ ရသောအခက်အခဲများအား ဦးစီးဌာနနှင့် ပွင့်ပွင့်လင်းလင်း ဆွေးနွေးတိုင်ပင်နိုင်ရန်အတွက် ဦးစီးဌာနနှင့် တွေ့ဆုံသည့် အစည်းအဝေးများကို ကျင်းပရခြင်း ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် မြေပြင် တရားစီရင်ရေးလုပ်ငန်း လုပ်ဆောင်ရာတွင် လိုအပ်ချက်များကို အမြန်ဆုံး အဆင်ပြေချောမွေစေရေး လုပ်ဆောင်နေပါကြောင်း၊ မြေပြင်တွင် ကြုံတွေ့ရသည့် အခက်အခဲများ ရှိပါက အခက်အခဲ တစ်ခုချင်းအလိုက် တင်ပြရန် ဖြစ်ကြောင်း၊ အကျဉ်းသားများနှင့်ပတ်သက်၍လည်း လိုအပ်ချက်များကို အကျဉ်းဦးစီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်လုပ်ကိုင်လျက်ရှိပါကြောင်း၊ မြေပြင်ရုံးများ၏ အခက်အခဲများနှင့် ပတ်သက်၍ ပေါင်းစပ်ညှိနှိုင်းရန် ကြားကာလ တရားစီရင်ရေးဆိုင်ရာဗဟိုကော်မတီတွင် တင်ပြခဲ့ ကြောင်း၊ လက်ရှိတွင် မြို့နယ်အလိုက် ပေါင်းစပ်ညှိနှိုင်းရေးကော်မတီများဖွဲ့ရန် ဆွေးနွေး ထားရှိကြောင်း၊ တရားစီရင်ရေးနှင့် ပတ်သက်၍လည်းကောင်း၊ စီမံခန့်ခွဲရေးနှင့် ပတ်သက် ၍ လည်းကောင်း အခက်အခဲများရှိပါက ပွင့်ပွင့်လင်းလင်း မေးမြန်းဆွေးနွေး တိုင်ပင်ကြရန်ဖြစ်ကြောင်း၊ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

ဆက်လက်၍ မြေပြင်တရားသူကြီးများမှ မေးမြန်းလာသော လုပ်ငန်းပိုင်းဆိုင်ရာ အခက်အခဲ၊ စီမံခန့်ခွဲမှုပိုင်းဆိုင်ရာ အခက်အခဲများနှင့်ပတ်သက်၍ မေးမြန်းချက်များကို သက်ဆိုင်ရာ တာဝန်ရှိသူ အသီးသီးက ပြန်လည်ဖြေကြားခဲ့ပြီးနောက် အစည်းအဝေး ဆွေးနွေးချက်များ အရ အစည်းအဝေး ဆုံးဖြတ်ချက်များ၊ ရှေ့လုပ်ငန်းစဉ်များကို ညွှန်ကြားရေးမှုးချုပ်မှ အတည်ပြုချမှတ်ခဲ့သည်။

ထို့နောက် ညွှန်ကြားရေးမှုးချုပ်မှ မိမိတို့အနေဖြင့် ကိစ္စရပ်အတော်များများကို မိမိတို့ အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ အချို့ကိစ္စရပ်များအား ပေါင်းစပ်ညှိနှိုင်းရန် လိုအပ်သည်များလည်း ရှိကြောင်း၊ မိမိတို့ အားလုံး ပူးပေါင်း၍ ကြိုးစားဆောင်ရွက်ပါက အခက်အခဲများကို ကျော်လွှားနိုင်မည်ဖြစ်ကြောင်း၊ အစည်းအဝေးတက်ရောက်လာသော မြေပြင်တရားသူကြီးများနှင့် ဦးစီးဌာနဝန်ထမ်းများအားလုံးကို ကျေးဇူးတင်ရှိပါ ကြောင်းဖြင့် နိဂုံးချုပ် အမှာစကား ပြောကြားပြီး အစည်းအဝေးအား မြန်မာစံတော်ချိန် နေ့လယ် (၁၂:၀၅)နာရီ အချိန်တွင် ရုပ်သိမ်းခဲ့သည်။

ကြားကာလတရားစီရင်ရေးဆိုင်ရာဦးစီးဌာန

တရားရေးဝန်ကြီးဌာန

အမျိုးသားညီညွတ်ရေးအစိုးရ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်