မတ်လ(၈)ရက်နေ့တွင်ကျရောက်သော အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အထိမ်းအမှတ်နေ့တွင် မြန်မာနိုင်ငံတွင်းရှိ အမျိုးသမီးများနှင့် မိန်းကလေးငယ်များသည် တန်းတူညီမျှမှုနှင့် ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်ရရှိရေး၊ အမျိုးသမီးများ၏ အခွင့်အရေးများကို လေးစားတန်ဖိုးထားရေး၊ ငြိမ်းချမ်းရေးနှင့် တရားမျှတမှုတည်ဆောက်ရေးလုပ်ငန်းများကို ဗဟိုချက်အဖြစ်ထားရှိရန် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အတွက် ဆုမွန်ကောင်းတောင်းအပ်ပါသည်။
ငြိမ်းချမ်းသာယာပြီး၊ တိုးတက်ကောင်းမွန်သော လူမှုအဖွဲ့အစည်းသစ်တစ်ခု ဖန်တီးတည်ဆောက်နိုင်ရန်နှင့် စုံလင်ကွဲပြားမှုအပေါ် အခြေခံပြီး ကိုယ်စားပြုမှု၊ ဦးဆောင်ဆုံးဖြတ်မှုရှိသော နိုင်ငံရေးအခင်းအကျင်းတစ်ရပ် ဖြစ်လာစေရန် အမျိုးသမီးများ၏အခန်းကဏ္ဍသည် လွန်စွာအရေးကြီးသည်။
အာဏာရှင်စနစ် ပျက်သုဉ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုက်ပွဲဝင်တော်လှန်နေကြသည့် အမျိုးသမီးများနှင့် လူနည်းစုများအားလုံး၏ အခန်းကဏ္ဍသည် လွန်စွာအရေးကြီးသည်။
၂၀၂၁ အာဏာသိမ်းပြီးချိန်မှစ၍ ယနေ့ အချိန်ထိ တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုအတွက် တော်လှန်နေကြသည့် အမျိုးသမီးများ၊ လက်ရှိနိုင်ငံရေးအခင်းအကျင်းတွင် နိုင်ငံရေးအရ တက်ကြွစွာ ပါဝင်လှုပ်ရှားနေကြသည့်အမျိုးသမီးများ၊ မြေပြင်ရှိ လူသားချင်းစာနာထောက်ထားမှုဒေသများတွင် အားအင်အပြည့်ဖြင့် ပါဝင်ဆောင်ရွက်နေသည့် အမျိုးသမီးများနှင့် အခြားကဏ္ဍမှ ဘက်ပေါင်းစုံ တိုက်ပွဲဝင်နေသည့် အမျိုးသမီးများကို အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးဌာနမှ ဂုဏ်ယူအသိအမှတ်ပြုပါသည်။
အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးဌာနသည် “လူမှုဘဝတွေမြှင့်တင်ဖို့ ကဏ္ဍစုံမှာ အမျိုးသမီးတွေ ပါဝင်စို့” ဟူသောဆောင်ပုဒ်နှင့်အညီ အမျိုးသမီးထု၏အသံ၊ အမျိုးသမီးများ၏ အားမာန်များ မြှင့်တင်ပေးနိုင်ရန်၊ ကျား၊မ တန်းတူညီမျှရေး၊ ငြိမ်းချမ်းရေးနှင့် တရားမျှတမှုတည်ဆောက်ရေးအတွက် လူတန်းစားအသီးသီးရှိ အမျိုးသမီး များအကြား သွေးစည်းညီညွတ်မှု တိုးတက်အားကောင်းစေရန် အလွှာပေါင်းစုံမှ တက်ကြွလှုပ်ရှားနေကြသည့် အမျိုးသမီးများ၏ ခေါင်းဆောင်မှုတို့ကို အသိအမှတ်ပြုရင်း ကျွန်မတို့ တရားရေးဝန်ကြီးဌာနမှ အမျိုးသမီးများ၏ပါဝင်မှုကို အလေးပေးမြှင့်တင်သွားမည်ဟု လေးနက်စွာ ဆန္ဒပြုပါသည်။
