ကြားကာလတရားစီရင်ရေးဆိုင်ရာဦးစီးဌာန နှင့် မြေပြင်တရား သူကြီးများနှင့် တွေ့ဆုံဆွေးနွေးသည့် အစည်းအဝေးအမှတ်စဉ်(၃ /၂၄) အောင်မြင်စွာကျင်းပပြီးစီး
အမျိုးသားညီညွတ်ရေးအစိုးရ ၊ တရားရေးဝန်ကြီးဌာနနှင့် မြေပြင်တရားသူကြီးများနှင့် တွေ့ဆုံ ဆွေးနွေးပွဲ အမှတ်စဉ်(၃ /၂၀၂၄)ကို (၂၃-၃-၂၀၂၄) ရက်နေ့ မြန်မာစံတော်ချိန် နံနက် (၁၀:၀၀) နာရီ အချိန်တွင် စတင်ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားသို့ ကြားကာလတရားစီရင်ရေးဆိုင်ရာ ညွှန်ကြားရေးမှူးချုပ် ၊ အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှုးချုပ်၊ ကြားကာလတရားစီရင်ရေးဦးစီးဌာနနှင့် အကျဉ်းဦးစီးဌာနမှ ရုံးအဖွဲ့မှူး ၊ ညွှန်ကြားရေးမှူးများ၊ တာဝန်ရှိဝန်ထမ်းများ၊ မြေပြင်တရားရုံး (၂၈) ရုံးမှ တရားသူကြီးများ၊ ဆက်သွယ်ရေး တာဝန်ခံများ တက်ရောက်ခဲ့ကြသည်။
ပထမဦးစွာ တရားရေးဝန်ကြီးဌာန၊ ကြားကာလတရားစီရင်ရေးဆိုင်ရာဦးစီးဌာန ညွှန်ကြားရေးမှုးချုပ်ဦးရန်ကြီးအောင်က မိမိတို့အနေဖြင့် ကြားကာလဖြစ်သည်နှင့်အညီ တရားစီရင်ရေး ဆောင်ရွက်ရာတွင် စိန်ခေါ်မှုများ ရှိနေကြောင်း၊ ဥပဒေ၊ နည်းဥပဒေ၊ အမိန့်ညွှန်ကြားချက်၊ ယခုလက်ရှိကာလတွင် ဝန်ကြီးဌာနမှ ထုတ်ပြန်သော ညွှန်ကြားချက်များ နှင့်အညီ အလေးထား ဆောင်ရွက်သွားမည်ဆိုလျှင် စိန်ခေါ်မှုများကို ကျော်လွှားသွားနိုင်မည်ဖြစ်ကြောင်း၊ အချို့သောကျင့်ထုံး ဥပဒေများ၊ နည်းဥပဒေများနှင့် တရားရုံး လုပ်ထုံးလုပ်နည်းများကို လိုက်နာဆောင်ရွက်ရာတွင် သတ်မှတ်စံနှုန်းများရှိကြောင်း၊ သတ်မှတ်စံနှုန်းများကို လိုက်နာဆောင်ရွက်သွားပါက အဆင်ပြေ ချောမွေ့မည်ဖြစ်ကြောင်း၊ ထိုသို့လိုက်နာဆောင်ရွက်ရာတွင် တရားသဖြင့် ဖြစ်မည်၊ မျှတမှုရှိမည်၊ ကျိုးကြောင်းဆီလျော်မှုရှိမည်၊ ဒေသအခြေအနေနှင့်လည်း ကိုက်ညီမှုရှိမည်၊ သက်ဆိုင်ရာဒေသတွင် ကျင့်သုံးနေသည့် ထုံးတမ်းများနှင့်ကိုက်ညီမှု ရှိမည် ဆိုလျှင် ၊ မိမိတို့ ဆင်ခြင်တုံတရားနှင့် ညှိနှိုင်း ဆောင်ရွက်သွားမည်ဆိုလျှင် မှုခင်းများတွင် ကြုံတွေ့နေရသည့် အခက်အခဲများကို ကျော်လွှား သွားနိုင်မည်ဟု ယုံကြည်ကြောင်း၊ ထို့ကြောင့် အထက်ပါ အချက်များနှင့်ချိန်ထိုးဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း၊ စာမှတ်စာတမ်းလုံခြုံမှုအတွက်လည်း နည်းပညာဖြင့် ထိန်းသိမ်းထားရန်လည်း လိုအပ်ကြောင်း၊ နည်းပညာနှင့်ပတ်သက်၍ အကူအညီလိုအပ်ပါက တောင်းခံနိုင်ကြောင်း အစည်းအဝေးသို့ တက်ရောက်လာသော အကျဉ်းဦးစီးဌာနညွှန်ကြားရေးမှုးချုပ်နှင့် အကျဉ်းဦးစီးဌာန ဝန်ထမ်းများ၊ ကြားကာလတရားစီရင်ရေးဆိုင်ရာဦးစီးဌာနဝန်ထမ်းများနှင့် အခက်အခဲများကြားမှ တက်ရောက်ပေးပါသော မြေပြင်တရားသူကြီးများ အားလုံးကို ကျေးဇူးတင်ပါကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
ထို့နောက် အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှုးချုပ် ဦးမျိုးအောင်မှ အကျဉ်းထောင်နှင့်ပတ်သက်သည့် ကိစ္စရပ်များအား မြေပြင်တရားသူကြီးများနှင့် အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ မြေပြင်တရားသူကြီးများမှ မေးမြန်းလာသော လုပ်ငန်းပိုင်းဆိုင်ရာ အခက်အခဲ၊ စီမံခန့်ခွဲမှုပိုင်းဆိုင်ရာ အခက်အခဲများနှင့်ပတ်သက်၍ မေးမြန်းချက်များကို သက်ဆိုင်ရာ တာဝန်ရှိသူ အသီးသီးက ပြန်လည်ဖြေကြားခဲ့ပြီးနောက် အစည်းအဝေး ဆွေးနွေးချက်များ အရ အစည်းအဝေး ဆုံးဖြတ်ချက်များ နှင့် ရှေ့လုပ်ငန်းစဉ်များကို ညွှန်ကြားရေးမှုးချုပ်မှ အတည်ပြုချမှတ်ခဲ့သည်။
ထို့နောက် ညွှန်ကြားရေးမှုးချုပ်မှ လုပ်ငန်းပိုင်းဆိုင်ရာ အခက်အခဲများအား အချိန်မရွေး တင်ပြနိုင်ကြောင်း၊ လိုအပ်သည့် ဦးစီးဌာနများနှင့်ချိတ်ဆက်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ အစည်းအဝေးတက်ရောက်လာသော ကြားကာလ တရားစီရင်ရေးဆိုင်ရာဦးစီးဌာန ဝန်ထမ်းများ၊ အကျဉ်းဦးစီးဌာနညွှန်ကြားရေးမှုးချုပ်နှင့် အကျဉ်းဦးစီး ဌာန ဝန်ထမ်းများ၊ မြေပြင်တရားသူကြီးများ အားလုံးကို ကျေးဇူးတင်ရှိပါကြောင်းဖြင့် နိဂုံးချုပ် အမှာစကား ပြောကြားပြီး အစည်းအဝေးအား မြန်မာစံတော်ချိန် နေ့လယ် (၁၂:၃၃)နာရီ အချိန်တွင် ရုပ်သိမ်းခဲ့သည်။
ကြားကာလတရားစီရင်ရေးဆိုင်ရာဦးစီးဌာန
တရားရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ

