ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာတွင် ကလေးငယ်များအပါအဝင် အရပ်သားပြည်သူများ ထိခိုက်သေဆုံးခဲ့ရမှု နှစ်ပတ်လည်နေ့
၂၀၂၄ ခုနှစ် ၊ဧပြီလ ၁၁ရက်နေ့
၂၀၂၃ ခုနစ်၊ ဧပြီလ ၁၁ ရက်နေ့ မနက်ပိုင်း၌ စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူ မြို့နယ်၊ မလည်တိုက်နယ်၊ ပဇီကြီးကျေးရွာတွင် အရပ်သားပြည်သူများ စုဝေးနေချိန် အကြမ်းဖက် စစ်ကောင်စီမှ လေကြောင်းဖြင့် တိုက်ခိုက်မှုကြောင့် အမျိုးသမီးများနှင့် ကလေးသူငယ်များ အပါအဝင် အပြစ်မဲ့ပြည်သူများ အစုအလိုက်အပြုံလိုက် သေဆုံးခဲ့မှုနှင့်၊ ထိခိုက်ဒဏ်ရာရရှိမှုများ ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျင် (၁)နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်သည်။
ယင်းဖြစ်ရပ်နှင့် စပ်လျဉ်း၍ အသက်ဆုံးရှုံးသွားခဲ့ကြသူများနှင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သူများ အတွက် မိသားစုဝင်များနှင့်ထပ်တူ ယနေ့တိုင် များစွာ စိတ်ထိခိုက် ဝမ်းနည်းကြေကွဲရသည်။ အကြမ်းဖက်စစ်ကောင်စီ၏ ရည်ရွယ်ချက်ရှိရှိ မြန်မာပြည်သူ၊ ပြည်သား များအပေါ် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုနှင့် ရက်စက်ကြမ်းကြုတ်သော စစ်ရာဇဝတ်မှုများ ၊ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သော ရာဇဝတ်မှုများအား ယနေ့အချိန်ထိ ပြောင်ပြောင်တင်းတင်း ကျူးလွန်လျက်ရှိနေခြင်းသည် လက်ရှိမြန်မာနိုင်ငံတွင် တရားဥပဒေစိုးမိုးမှု မရှိခြင်းကို မီးမောင်းထိုးပြနေသကဲ့သို့ ဖြစ်သည်။
တရားရေးဝန်ကြီးဌာနအနေဖြင့် အကြမ်းဖက် စစ်ကောင်စီ ကျူးလွန်သည့်ပြစ်မှုများအား မှတ်တမ်းတင်ထားရှိပြီး အဆိုပါကျူးလွန်မှုများတွင် ပါဝင် ပတ်သက်သူများ အားလုံးကို စုံစမ်းဖော်ထုတ်၍ ထိုက်သင့်သည့် ပြစ်ဒဏ်များ မလွဲမသွေ ကျခံစေရန်နှင့် ထိခိုက်နစ်နာမှုများအတွက် တရားမျှတမှု ရရှိနိုင်စေရန် စွမ်းစွမ်းတမံ ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးဌာန အနေဖြင့် ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာ၌ ကလေးငယ်များအပါအဝင် အရပ်သားပြည်သူများ ထိခိုက်သေဆုံးခဲ့ရမှု (၁)နှစ်ပြည့်နှစ်ပတ်လည်နေ့ အထိမ်းအမှတ်တွင် ကတိပေး ထုတ်ပြန်လိုက်သည်။
တရားရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ
