အမျိုးသားညီညွတ်ရေးအစိုးရ
တရားရေးဝန်ကြီးဌာန
၂၀၂၄ ခုနှစ်၊ ဧပြီ လ၊ ၂၇ ရက်နေ့။
ကြားကာလတရားစီရင်ရေးဆိုင်ရာဦးစီးဌာန နှင့် မြေပြင်တရား သူကြီးများ တွေ့ဆုံဆွေးနွေးသည့် အစည်းအဝေးအမှတ်စဉ်(၄ /၂၄) အောင်မြင်စွာကျင်းပပြီးစီး
အမျိုးသားညီညွတ်ရေးအစိုးရ ၊ တရားရေးဝန်ကြီးဌာနနှင့် မြေပြင်တရားသူကြီးများ တွေ့ဆုံ ဆွေးနွေးပွဲ အမှတ်စဉ်(၄ /၂၀၂၄)ကို (၂၇-၄-၂၀၂၄) ရက်နေ့ မြန်မာစံတော်ချိန် နေ့လည် (၀၁:၀၀) နာရီ အချိန်တွင် စတင်ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားသို့ ကြားကာလတရားစီရင်ရေးဆိုင်ရာ ညွှန်ကြားရေးမှူးချုပ် ၊ ရုံးအဖွဲ့မှူး ၊ ညွှန်ကြားရေးမှူးများ၊ တာဝန်ရှိဝန်ထမ်းများနှင့် မြေပြင်တရားရုံး (၂၈) ရုံးမှ တရားသူကြီးများ၊ ဆက်သွယ်ရေး တာဝန်ခံများ တက်ရောက်ခဲ့ကြသည်။
ပထမဦးစွာ တရားရေးဝန်ကြီးဌာန၊ ကြားကာလတရားစီရင်ရေးဆိုင်ရာဦးစီးဌာန ညွှန်ကြားရေးမှုးချုပ် ဦးရန်ကြီးအောင်မှ အစည်းအဝေးသို့ တက်ရောက်လာသော ဆရာ ဆရာမများ အားလုံး မင်္ဂလာပါဟု နှုတ်ဆက်ပြီး၊ လစဉ် လုပ်ငန်းဆောင်ရွက်ချက်များနှင့်ပတ်သက်၍ သတ်မှတ်ရက် များအတိုင်း ပုံမှန်တင်ပြဆောင်ရွက်ပေးစေလိုကြောင်း၊ မှုခင်းပိုင်း ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ အခက်အခဲများ ရှိပါကလည်း တင်ပြစေလိုကြောင်း၊ မှုခင်းပိုင်း ဆောင်ရွက်ရာတွင်လည်း အဖွဲ့အစည်းများ အချင်းချင်း ပေါင်းစပ်ညှိနှိုင်း လုပ်ကိုင်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ပြည်သူကို ဝန်ဆောင်မှုပေးနိုင်ရန် အတွက် လက်ထပ်ခြင်း၊ ကွာရှင်းခြင်း၊ ကျမ်းကျိန်ခြင်းများနှင့်ပတ်သက်၍လည်း မြေပြင် တရားသူကြီးများအား ကျမ်းကျိန်သူအရာရှိများ ခန့်အပ်တာဝန်ပေး ထားရှိပြီးဖြစ်သည့် အတွက် သတ်မှတ်ချက်များနှင့်အညီ ပြည်သူသို့ ဝန်ဆောင်မှု ပေးစေလိုကြောင်း၊ အစည်းအဝေးသို့ အခက်အခဲများ ကြားမှတက်ရောက်ပေးပါသော မြေပြင်တရားသူကြီးများ အားလုံးနှင့် ကြားကာလတရားစီရင်ရေးဆိုင်ရာ ဦးစီးဌာနဝန်ထမ်းများကို ကျေးဇူးတင်ပါကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
ဆက်လက်၍ မြေပြင်တရားသူကြီးများမှ မေးမြန်းလာသော လုပ်ငန်းပိုင်းဆိုင်ရာ အခက်အခဲ၊ စီမံခန့်ခွဲမှုပိုင်းဆိုင်ရာ အခက်အခဲများနှင့်ပတ်သက်၍ မေးမြန်းချက်များကို သက်ဆိုင်ရာ တာဝန်ရှိသူ အသီးသီးက ပြန်လည်ဖြေကြားခဲ့ပြီးနောက် အစည်းအဝေး ဆွေးနွေးချက်များ အရ အစည်းအဝေး ဆုံးဖြတ်ချက်များ နှင့် ရှေ့လုပ်ငန်းစဉ်များကို ညွှန်ကြားရေးမှုးချုပ်မှ အတည်ပြုချမှတ်ခဲ့သည်။
ထို့နောက် ညွှန်ကြားရေးမှုးချုပ်မှ လုပ်ငန်းပိုင်းဆိုင်ရာ အခက်အခဲများအား အချိန်မရွေး ဌာနသို့ တင်ပြနိုင်ကြောင်း၊ ဌာနအနေဖြင့် လိုအပ်သည့် ဦးစီးဌာနများနှင့်ချိတ်ဆက်၍ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ မြေပြင် ဆရာ ဆရာမများ အားလုံး ဘေးကင်းကျန်းမာပါစေကြောင်း ဆုတောင်းပေး ပါကြောင်း၊ အစည်းအဝေးတက်ရောက်လာသော ကြားကာလ တရားစီရင်ရေးဆိုင်ရာဦးစီးဌာန ဝန်ထမ်း များနှင့် မြေပြင်တရားသူကြီးများ အားလုံးကို ကျေးဇူးတင်ရှိပါကြောင်းဖြင့် နိဂုံးချုပ် အမှာစကား ပြောကြားပြီး အစည်းအဝေးအား မြန်မာစံတော်ချိန် နေ့လယ် (၀၂:၂၁)နာရီ အချိန်တွင် ရုပ်သိမ်းခဲ့သည်။
ကြားကာလတရားစီရင်ရေးဆိုင်ရာဦးစီးဌာန
တရားရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ
