ယနေ့ ကျရောက်သော ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တည်ထောင်ခြင်း (၃)နှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ်နေ့ကို ပြည်သူတစ်ရပ်လုံးနည်းတူ ကျွန်ုပ်တို့မှလည်း လှိုက်လှဲစွာ ဂုဏ်ပြုကြိုဆိုအပ်ပါသည်။

၂၀၂၁ ခုနှစ် စတင်ဖွဲ့စည်းချိန်မှစ၍ ပြည်သူ့ကာကွယ်ရေးတပ်မတော်သည် ကျွန်ုပ်တို့ မြန်မာနိုင်ငံ၏ ဖက်ဒရယ်ဒီမိုကရေစီ ကြိုးပမ်းမှုတွင် ဖိနှိပ်ချုပ်ချယ်ခံ မြန်မာပြည်သူပြည်သားများ၏ တရားမျှတမှုအတွက် တိုက်ပွဲဝင်နေခဲ့သည်မှာ ယနေ့ဆိုလျှင် (၃) နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ(၁) ရက်နေ့ အကြမ်းဖက်စစ်တပ်မှ တိုင်းပြည်အာဏာအား မတရား သိမ်းယူပြီးနောက် စစ်အာဏာရှင်စနစ်၏ ခြိမ်းခြောက်မှုဒဏ်ကို ရင်ဆိုင်ရချိန်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်သည် တရားမျှတမှု၊ တန်းတူညီမျှမှုနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်ရေး တို့အတွက် သတ္တိရှိရှိ ပေါ်ထွက်လာခဲ့ပါသည်။ လွန်ခဲ့သော (၃) နှစ်တာ ကာလအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်သည် မြန်မာနိုင်ငံတစ်ဝှမ်းရှိ နယ်မြေများကို ပြန်လည်သိမ်းယူရာတွင် သိသာထင်ရှားသော ခြေလှမ်းများဖြင့် ကြိုးပမ်းဆောင်ရွက်ခဲ့၍ ပြည်သူများ၏ မယိမ်းယိုင်သော ထောက်ခံမှုနှင့် ယုံကြည်ချစ်ခင်မှုများကို ရရှိခဲ့ပြီးဖြစ်ပါသည်။ PDF ရဲဘော်တို့၏ကြိုးပမ်းမှုများက ကျွန်ုပ်တို့အားလုံးကို စိတ်ဓါတ်ခွန်အားတက်ကြွစေပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်တွင် တာဝန်ထမ်းဆောင်ရင်း အသက်၊ သွေး၊ ချွေး ရင်းနှီးပေးဆပ်ခဲ့ကြသော ပြည်သူ့ကာကွယ်ရေးရဲဘော် တစ်ဦးချင်းစီတိုင်းကို လေးစားဂုဏ်ယူစွာဖြင့် အလေးနီပြုပါသည်။ ၎င်းတို့၏ ရဲစွမ်းသတ္တိနှင့် ဇွဲလုံ့လတို့သည် ကျွန်ုပ်တို့ မြန်မာနိုင်ငံသားအားလုံး၏ နှလုံးသားထဲတွင် အစဥ်ထာဝရတည်ရှိနေမည်ဖြစ်ပါသည်။

နွေဦးတော်လှန်ရေးတွင် ပြည့်သူ့ကာကွယ်ရေးတပ်မတော်၏ ကြိုးပမ်းအားထုတ်မှုများသည် အချည်းနှီးမဖြစ်စေဘဲ တော်လှန်ရေး အောင်ပွဲဆင်နိုင်သည့်တိုင် မယိမ်းယိုင်သော သန္နိဋ္ဌာန်၊ ပြတ်သားသော စိတ်ဓာတ်ဖြင့် ရှေ့သို့ ဆက်လက်ချီတက်လျှောက်လှမ်းရင်း အောင်မြင်မှုများ ပိုင်ဆိုင်နိုင်ပါစေဟု ဆုမွန်ကောင်းတောင်းလျက် ယနေ့ ကျရောက်သော ပြည်သူ့ကာကွယ်ရေးတပ်မတော် တည်ထောင်ခြင်း (၃)နှစ်ပြည့်အား ဂုဏ်ယူစွာဖြင့် သဝဏ်လွှာ ပေးပို့အပ်ပါသည်

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်