အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများ ကျန်းမာရေးနေ့တွင် ကျွန်ုပ်တို့ တရားရေးဝန်ကြီးဌာနမှ ကမ္ဘာတဝှမ်းရှိ အမျိုးသမီးများ၊ အထူးသဖြင့် မြန်မာနိုင်ငံ၏ နွေဦးတော်လှန်ရေးတွင် အခန်းကဏ္ဍ အသီးသီးမှ သတ္တိရှိရှိ တက်ကြွစွာ ကြိုးပမ်းဆောင်ရွက်နေသော အမျိုးသမီးများ၏ ကိုယ်ရောစိတ်ပါ ကျန်းမာသုခနှင့် ပြည့်စုံပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါသည်။

ဤနွေဦးတော်လှန်ရေးတွင် ဒီမိုကရေစီနှင့် တရားမျှတမှုများအတွက် တိုက်ပွဲဝင်ရာ၌ အမျိုးသမီးများသည်လည်း မရှိမဖြစ်လိုအပ်သော အခန်းကဏ္ဍတွင် ပါ၀င်နေသည်မှာ သိသာထင်ရှားလျက်ရှိပါသည်။ နွေဦးတော်လှန်ရေးတွင် ကျရာနေရာမှ ပါဝင်လျက်ရှိိသော အမျိုးသမီးများ၏ ကိုယ်ခန္ဓာကျန်းမာရေးနှင့် စိတ်ဓာတ်ကြံ့ခိုင်ရေးတို့သည် ၎င်းတို့အတွက်သာမက ကျွန်ုပ်တို့ ဆင်နွှဲနေသော တရားမျှတမှုတိုက်ပွဲအတွက်လည်း အလွန်အရေးကြီးလှပါသည်။

သို့ဖြစ်ရာ မြန်မာနိုင်ငံရှိ အမျိုးသမီးများအားလုံး လိုအပ်လျက်ရှိသော ကျန်းမာရေးဆိုင်ရာ အခွင့်အရေးများ ရရှိလာစေရန်အတွက် နွေဦးတော်လှန်ရေးနှင့်အတူ ကျွန်ုပ်တို့တရားရေးဝန်ကြီးဌာနမှ တတ်အားသရွေ့ကြိုးပမ်းလျက်ရှိပါသည်။ ပြည်သူ့ကာကွယ်ရေးတပ်မတော်တွင် ပါ၀င်သော အမျိုးသမီးများအတွက် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ကူညီပံ့ပိုးမှုများအပါအဝင် ပြည့်စုံသော ကျန်းမာရေး စောင့်ရှောက်မှုများကို ရရှိနိုင်စေရေး အတွက်လည်း ကျွန်ုပ်တို့မှ ကတိပြုပါသည်။

နွေဦးတော်လှန်ရေးတွင် အမျိုးသမီးများ၏ စွန့်လွှတ်အနစ်နာခံမှုများကို ဂုဏ်ပြုရင်း အမျိုးသမီးများ၏ ကျန်းမာရေး၊ ဂုဏ်သိက္ခာ၊ လွတ်လပ်မှုနှင့် အခွင့်အရေးများကို ကာကွယ်ထောက်ပံ့သော မူဝါဒများအတွက် ဆက်လက် ကြိုးပမ်းသွားပါမည်ဟု ထပ်မံကတိပြုရင်း အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများ ကျန်းမာရေးနေ့ကို ဂုဏ်ပြုလိုက်ပါသည်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်