တရားစွဲနှင့်အမှုလိုက်ဦးစီးဌာန၊ မြို့နယ်ဥပဒေတာဝန်ခံများနှင့်တွေ့ဆုံဆွေးနွေးခြင်းအခမ်းအနား
အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးဌာန၏ တရားစွဲနှင့်အမှုလိုက်ဦးစီးဌာနနှင့်မြို့နယ်ဥပဒေတာဝန်ခံများ တွေ့ဆုံဆွေးနွေးခြင်းအမှတ်စဉ် (၄/၂၀၂၄) အခမ်းအနားကို (၃၁-၅-၂၀၂၄)ရက်နေ့၊ မြန်မာစံတော်ချိန်နံနက်(၉:၃၀)နာရီတွင် ကျင်းပခဲ့ပါသည်။
ထိုအခမ်းအနားသို့ တရားစွဲနှင့်အမှုလိုက်ဦးစီးဌာနမှညွှန်ကြားရေးမှူးချုပ်ဒေါ်မေနီ၊ ဒု-ညွှန်ကြားရေးမှူးချုပ်ဦးကိုမင်း၊ ဥပဒေအကြံပေးအရာရှိ Daw Yellow Rose၊ တာဝန်ရှိ ဝန်ထမ်းများ၊ မြေပြင်ဆက်သွယ်ရေးတာဝန်ခံများနှင့် မြို့နယ်(၁၇)မြို့နယ်မှ ဥပဒေတာဝန်ခံ(၁၇)ဦးတို့လည်း တက်ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာ တရားစွဲနှင့်အမှုလိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဒေါ်မေနီမှ အဖွင့်အမှာစကားပြောကြားရာတွင် မြို့နယ်ဥပဒေရုံးများအနေဖြင့် ယနေ့ပြုလုပ်သောအစည်းအဝေး တွင် မိမိတို့မြို့နယ်များ၏ အခက်အခဲများ၊ လိုအပ်ချက်များအား ပွင့်လင်းစွာဆွေးနွေးပေးကြစေလိုကြောင်း ပြောကြား၍ အစည်းအဝေးအခမ်းအနားကို စတင်ခဲ့ပါသည်။
ဆက်လက်၍ အခမ်းအနားအစီအစဉ်အရ ယခင်(၃/၂၀၂၄)အစည်းအဝေး၏ ရှေ့လုပ်ငန်းစဉ်များဖြစ်သော မြို့နယ်ဥပဒေရုံးများ စာရေးဝန်ထမ်း ခန့်အပ်ရေးကိစ္စနှင့် မြို့နယ် ဥပဒေရုံးများမှ ၂၀၂၃-ခုနှစ်နှင့် ၂၀၂၄-ခုနှစ်အတွင်း လစဉ်အစီရင်ခံစာ၊ အကြံပေးမိတ္တူနှင့် အမှုပြီးပြတ်ချက်များပေးပို့မှု အခြေအနေများကို တရားစွဲနှင့်အမှုလိုက်ဦးစီးဌာနမှ ဒေါ်ရွှေဇင်မှ ရှင်းလင်းဆွေးနွေးခဲ့ပြီးနောက် အထွေထွေဆွေးနွေးခြင်းအစီအစဉ်အရ အစည်းဝေးတက်ရောက်လာသော ဥပဒေတာဝန်ခံများမှ တင်ပြလာသော မြေယာမှုခင်းကိစ္စရပ်များ၊ ဝက်လက် မြို့နယ်နှင့်၊ ကနီမြို့နယ်တို့မှ တင်ပြလာသော တရားစီရင်ရေးဆိုင်ရာအခက်အခဲများ၊ အမှုများရီမန်ကျော်လွန်ခြင်းကိစ္စရပ်များ၊ ဦးတိုက်မှုများလျှောက်လဲချက်ပေးခြင်းကိစ္စရပ်များနှင့် အယူခံပြင်ဆင်မှုများ တင်သွင်းရာတွင် လိုအပ်သောစာရွက်စာတမ်းကိစ္စရပ်များ အသီးသီးဆွေးနွေးမေးမြန်းကြရာ ညွှန်ကြားရေးမှူးချုပ်ဒေါ်မေနီ၊ ဒု-ညွှန်ကြားရေးမှူးချုပ်ဦးကိုမင်းနှင့် ဥပဒေအကြံပေးအရာရှိDaw Yellow Rose တို့မှ ပြန်လည်ဖြေကြားဆွေးနွေးခဲ့ပြီးနောက် အစည်းဝေးမှထွက်ပေါ်လာသော ဆုံးဖြတ်ချက်နှင့်ရှေ့လုပ်ငန်းစဉ်များ ချမှတ်အတည်ပြုခဲ့ကြပြီး တရားစွဲနှင့်အမှုလိုက်ဦးစီးဌာန၊ မြို့နယ်ဥပဒေတာဝန်ခံများနှင့် တွေ့ဆုံဆွေးနွေးပွဲအစည်းအဝေးအမှတ်စဉ်(၄/၂၀၂၄)အား နေ့လည် (၁၂:၁၇)အချိန်တွင် အောင်မြင်စွာရပ်နားခဲ့ပါသည်။
တရားစွဲနှင့်အမှုလိုက်ဦးစီးဌာန
