ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာသည် လူ့အဖွဲ့အစည်းအပေါ်တွင် နက်နဲသောအကျိုးသက်ရောက်မှုများစွာရှိပါသည်။ ကျွန်ုပ်တို့မြန်မာ့နွေဦးတော်လှန်ရေးတွင် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး၏ အရေးပါမှုကို သိသာထင်ရှားစွာ တွေ့မြင်ခဲ့ရပါသည်။
ဆက်သွယ်ရေးကွန်ရက်များနှင့် ဒစ်ဂျစ်တယ်ပလပ်ဖောင်းများသည် သတင်းလွတ်လပ်စွာစီးဆင်းမှု၊ ငြိမ်းချမ်းစွာ ဆန္ဒပြပွဲများကျင်းပရန်နှင့် မြန်မာနိုင်ငံသားများ၏ အသံများကို ကမ္ဘာကကြားသိစေရန် အတွက် အလွန်အထောက်အကူပြုခဲ့ကြောင်း ကျွန်ုပ်တို့မှ အသိအမှတ်ပြုပါသည်။
စစ်အာဏာရှင်လက်အောက်တွင် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်စီးဆင်းမှုသည်အခက်အခဲများနှင့် ကြုံတွေ့နေရသော်လည်း နည်းပညာများကို အသုံးချရာတွင် ပြည်သူများ၏ ခံနိုင်ရည်နှင့် စိတ်ဓာတ်အင်အားကိုလည်း ယနေ့တွင် တပါတည်း လေးစားဂုဏ်ပြု မှတ်တမ်းတင်အပ်ပါသည်။
ဤအခါသမယတွင် မြန်မာနိုင်ငံသူနိုင်ငံသားအားလုံး မျှော်လင့်နေသော စစ်အာဏာရှင်ပြုတ်ကျရေး၊ ဖက်ဒရယ်ဒီမိုကရေစီရရှိရေး နှင့် တိုင်းရင်းသား တန်းတူညီမျှအခွင့်အရေးများရရှိရေး အစရှိသည့် ရည်မှန်းချက်များနှင့်အတူ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုနိုင်ခွင့်၊ အခွင့်အရေးများကို အကာအကွယ်ပေးနိုင်မှုနှင့် လွတ်လပ်လုံခြုံသော ဒစ်ဂျစ်တယ်ပတ်ဝန်းကျင်ကို ဖန်တီးနိုင်ရန် ကျွန်ုပ်တို့ တရားရေးဝန်ကြီးဌာနမှ ကတိကဝတ် ပြုရင်း ကမ္ဘာ့ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နေ့ကို ဂုဏ်ပြုကြိုဆိုလိုက်ရပါသည်။
