အမျိုးသားညီညွတ်ရေးအစိုးရ
တရားရေးဝန်ကြီးဌာန
၂၀၂၄ ခုနှစ်၊ ဇန္နဝါရီ လ၊ ၂၀ ရက်နေ့။
ကြားကာလတရားစီရင်ရေးဆိုင်ရာဦးစီးဌာန နှင့် မြေပြင်တရား သူကြီးများနှင့် တွေ့ဆုံဆွေးနွေးသည့် အစည်းအဝေးအမှတ်စဉ်(၁ /၂၄) အောင်မြင်စွာကျင်းပပြီးစီး
အမျိုးသားညီညွတ်ရေးအစိုးရ ၊ တရားရေးဝန်ကြီးဌာနနှင့် မြေပြင်တရားသူကြီးများနှင့် တွေ့ဆုံ ဆွေးနွေးပွဲ အမှတ်စဉ်(၁ /၂၀၂၄)ကို (၂၀-၁-၂၀၂၄) ရက်နေ့ မြန်မာစံတော်ချိန် နံနက် (၁၀:၀၀) နာရီ အချိန်တွင် စတင်ကျင်းပခဲ့သည်။
ထိုအခမ်းအနားသို့ ကြားကာလတရားစီရင်ရေးဆိုင်ရာ ညွှန်ကြားရေးမှူးချုပ် ၊ ရုံးအဖွဲ့မှူး ၊ ညွှန်ကြားရေးမှူးများ၊ ကြားကာလတရားစီရင်ရေးဆိုင်ရာဦးစီးဌာနမှ တာဝန်ရှိဝန်ထမ်းများ နှင့် မြေပြင်တရားရုံး(၂၈)ရုံးမှ တရားသူကြီးများ၊ ဆက်သွယ်ရေး တာဝန်ခံများ တက်ရောက်ခဲ့ကြသည်။
ပထမဦးစွာ တရားရေးဝန်ကြီးဌာန၊ ကြားကာလတရားစီရင်ရေးဆိုင်ရာဦးစီးဌာန ညွှန်ကြားရေးမှုးချုပ်မှ အဖွင့်အမှာစကားပြေားကြားရာတွင် တရားရုံးများတွင် နေ့စဉ်နှင့်အမျှကြုံတွေ့နေ ရသောအခက်အခဲများအား ဦးစီးဌာနနှင့် ပွင့်ပွင့်လင်းလင်းဆွေးနွေးတိုင်ပင်နိုင်ရန်အတွက် ဦးစီးဌာနနှင့် တွေ့ဆုံသည့် အစည်းအဝေးများကို ကျင်းပရခြင်းဖြစ်ကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် ယခင်က မြို့နယ်တရားရုံးများ အနေဖြင့် လုပ်အားရော ငွေအားပါစိုက်ထုတ်ပြီး လုပ်ကိုင်ခဲ့ကြရာမှ ယခုအခါတွင် ထိုက်သင့်သည့် ထောက်ပံ့မှုများ ထောက်ပံ့လာနိုင်သည့်အတွက် လုပ်ငန်းလည်ပတ်ရာတွင် ပိုမို အဆင် ပြေလာမည်ဟုထင်ပါကြောင်း၊ တရားဥပဒေစိုးမိုးရေးဆောင်ရွက်ရာတွင် အမှုများ မြန်ဆန်စွာဆောင်ရွက် နိုင်ရေး တရားစီရင်ရေးယန္တရား ပိုမိုလည်ပတ်နိုင်ရေးအတွက် တရားစွဲအဖွဲ့အစည်းများနှင့် မြေပြင်တွင် ညှိနှိုင်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ မြေပြင်ရုံးများ၏ အခက်အခဲများနှင့်ပတ်သက်၍ ပေါင်းစပ်ညှိနှိုင်းရန် ကြားကာလ တရားစီရင်ရေးဆိုင်ရာဗဟိုကော်မတီတွင် တင်ပြခဲ့ကြောင်း၊ လက်ရှိတွင် မြို့နယ်အလိုက် ပေါင်းစပ်ညှိနှိုင်းရေးကော်မတီများ ဖွဲ့ရန် ဆွေးနွေးထားရှိကြောင်း တရားစီရင်ရေးနှင့် ပတ်သက်၍ လည်းကောင်း၊ စီမံခန့်ခွဲရေးနှင့်ပတ်သက်၍ လည်းကောင် အခက်အခဲများရှိပါက ပွင့်ပွင့်လင်း လင်း မေးမြန်းဆွေးနွေး တိုင်ပင်ကြရန်ဖြစ်ကြောင်း၊ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
ဆက်လက်၍ မြေပြင်တရားသူကြီးများမှ မေးမြန်းလာသော လုပ်ငန်းပိုင်းဆိုင်ရာ အခက်အခဲ၊ စီမံခန့်ခွဲမှုပိုင်းဆိုင်ရာ အခက်အခဲများနှင့်ပတ်သက်၍ မေးမြန်းချက်များကို သက်ဆိုင်ရာ တာဝန်ရှိသူ အသီးသီးက ပြန်လည်ဖြေကြားခဲ့ပြီးနောက် အစည်းအဝေးဆွေးနွေးချက်များ အရ အစည်းအဝေး ဆုံးဖြတ်ချက်များ၊ ရှေ့လုပ်ငန်းစဉ်များကို ညွှန်ကြားရေးမှုးချုပ်မှ အတည်ပြုချမှတ်ခဲ့သည်။
ထို့နောက် ညွှန်ကြားရေးမှုးချုပ်မှ ယနေ့ဆွေးနွေးချက်များအရ တရားစီရင်ရေး ဆောင်ရွက်ချက်များ ရှေ့ဆက်ပိုမိုတိုးတက်စေရေးအတွက် လိုအပ်သည့် ပေါင်းစပ်ညှိနှိုင်းမှုများ ပြုလုပ် ဆောင်ရွက် သွားစေလိုကြောင်း၊ တက်ရောက်ပေးကြပါသော မြေပြင်တရားသူကြီးများနှင့် ဦးစီးဌာနဝန်ထမ်းများအားလုံးကို ကျေးဇူးတင်ရှိပါကြောင်းဖြင့် နိဂုံးချုပ် အမှာစကား ပြောကြားပြီး အစည်းအဝေးအား မြန်မာစံတော်ချိန် နေ့လယ် (၁၂:၀၀)နာရီ အချိန်တွင် ရုပ်သိမ်းခဲ့သည်။
ကြားကာလတရားစီရင်ရေးဆိုင်ရာဦးစီးဌာန
တရားရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ
