အမျိုးသားညီညွတ်ရေးအစိုးရ
တရားရေးဝန်ကြီးဌာန
၂၀၂၄ ခုနှစ်၊ မေ လ၊ ၁၈ ရက်နေ့။
ကြားကာလတရားစီရင်ရေးဆိုင်ရာဦးစီးဌာန နှင့် မြေပြင်တရား သူကြီးများ တွေ့ဆုံဆွေးနွေးသည့် အစည်းအဝေးအမှတ်စဉ်(၅ /၂၄) အောင်မြင်စွာကျင်းပပြီးစီး
အမျိုးသားညီညွတ်ရေးအစိုးရ ၊ တရားရေးဝန်ကြီးဌာနနှင့် မြေပြင်တရားသူကြီးများ တွေ့ဆုံ ဆွေးနွေးပွဲ အမှတ်စဉ်(၅ /၂၀၂၄)ကို (၁၈-၅-၂၀၂၄) ရက်နေ့ မြန်မာစံတော်ချိန် နေ့လည် (၁၀:၀၀) နာရီ အချိန်တွင် စတင်ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားသို့ ကြားကာလတရားစီရင်ရေးဆိုင်ရာ ညွှန်ကြားရေးမှူးချုပ် ၊ ရုံးအဖွဲ့မှူး ၊ ညွှန်ကြားရေးမှူးများ၊ တာဝန်ရှိဝန်ထမ်းများနှင့် မြေပြင်တရားရုံး (၂၆) ရုံးမှ တရားသူကြီးများ၊ ဆက်သွယ်ရေး တာဝန်ခံများ တက်ရောက်ခဲ့ကြသည်။
ပထမဦးစွာ တရားရေးဝန်ကြီးဌာန၊ ကြားကာလတရားစီရင်ရေးဆိုင်ရာဦးစီးဌာန ညွှန်ကြားရေးမှုးချုပ် ဦးရန်ကြီးအောင်မှ အစည်းအဝေးသို့ တက်ရောက်လာသော မြေပြင်တရားရုံးများမှ ဆရာ ဆရာမများ အားလုံးနှင့် ဦးစီးဌာနဝန်ထမ်းများအားလုံးအား မင်္ဂလာပါဟု နှုတ်ဆက်ပြီး၊ တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးလုပ်ငန်းများအတွက် မြေပြင်တွင် တရားစီရင် ရေးလုပ်ငန်းများ မြန်ဆန်စွာ လုပ်ဆောင်နိုင်ရေး၊ တရားစီရင်ရေးလွယ်ကူချောမွေ့စေရေးအတွက် လုပ်ငန်းလမ်းညွှန်ချက် ဆောင်ရွက်နေပါကြောင်း၊ ထပ်မံ၍ မြေပြင်တရားရုံး(၃)ရုံးဖွဲ့စည်းနိုင်ရန် ဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်း၊ အစည်းအဝေးသို့ ကြားမှတက်ရောက်ပေးပါသော မြေပြင် တရားသူကြီးများ အားလုံးနှင့် ကြားကာလတရားစီရင်ရေးဆိုင်ရာ ဦးစီးဌာနဝန်ထမ်းများကို ကျေးဇူးတင်ပါကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
ဆက်လက်၍ မြေပြင်တရားသူကြီးများမှ မေးမြန်းလာသော မြေပြင်တွင် ကြုံတွေ့နေရသော လုပ်ငန်းပိုင်းဆိုင်ရာ အခက်အခဲ၊ စီမံခန့်ခွဲမှုပိုင်းဆိုင်ရာ အခက်အခဲများ၊ လိုအပ်ချက်များနှင့်ပတ်သက်၍ မေးမြန်းချက်များကို ညွှန်ကြားရေးမှုးချုပ် ဦးရန်ကြီးအောင်၊ ပြစ်မှုနှင့်တရားမတရားစီရင်ရေးဌာန၊ ညွှန်ကြားရေးမှုး ဦးကျော်စိုးတို့မှ ပြန်လည် ဖြေကြားခဲ့ပြီးနောက် အစည်းအဝေးတွင် ဆွေးနွေးချက်များ အရ အစည်းအဝေး ဆုံးဖြတ်ချက်များ နှင့် ရှေ့လုပ်ငန်းစဉ်များကို ညွှန်ကြားရေးမှုးချုပ်မှ အတည်ပြု ချမှတ်ခဲ့သည်။
ထို့နောက် ညွှန်ကြားရေးမှုးချုပ်မှ လုပ်ငန်းပိုင်းဆိုင်ရာ အခက်အခဲများအပေါ် အခြားဝန်ကြီး ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းလုပ်ဆောင်ရမည့် ကိစ္စများအား ချိတ်ဆက်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ လစဉ်ပေးပို့ဆောင်ရွက်ရမည့် ကိစ္စများကိုလည်း ဌာနသို့ အချိန်မီပေးပို့သွားစေလို ကြောင်း၊ မြေပြင်တွင် တာဝန်ထမ်းဆောင်နေသော ဆရာ ဆရာမများ အားလုံး ဘေးကင်းကျန်းမာပါစေကြောင်း ဆုတောင်းပေးပါကြောင်း၊ အစည်းအဝေးတက်ရောက်လာသော ကြားကာလ တရားစီရင်ရေးဆိုင်ရာ ဦးစီးဌာန ဝန်ထမ်း များနှင့် မြေပြင်တရားသူကြီးများ အားလုံးကို ကျေးဇူးတင်ရှိပါကြောင်းဖြင့် နိဂုံးချုပ် အမှာစကား ပြောကြားပြီး အစည်းအဝေးအား မြန်မာစံတော်ချိန် နေ့လယ် (၁၁:၃၀)နာရီ အချိန်တွင် ရုပ်သိမ်းခဲ့သည်။
ကြားကာလတရားစီရင်ရေးဆိုင်ရာဦးစီးဌာန
တရားရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ
