ကြားကာလပြည်သူ့တရားစီရင်ရေး ဖော်ဆောင်မှုကော်မတီ အစည်းအဝေး (၆/၂၀၂၃)

ကြားကာလပြည်သူ့တရားစီရင်ရေး ဖော်ဆောင်မှုကော်မတီ အစည်းအဝေး (၆/၂၀၂၃)ကို (၁၄-၇-၂၀၂၃) ရက်နေ့ မွန်းလွဲ( ၁:၀၀)နာရီ အချိန်တွင် စတင်ကျင်းပခဲ့သည်။

အစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ ဒုတိယဥက္ကဋ္ဌ၊ တရားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦး၊ ကော်မတီ အတွင်းရေးမှူး၊ တရားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမင်းနောင်ခိုင်နှင့် ကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။

ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အဖွင့်အမှာစကားပြောကြားရာတွင် ကြားကာလဒေသ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်နေသသည့် နယ်မြေများတွင် တရားစီရင်ရေးနှင့် အုပ်ချုပ်ရေးသည် အရေးပါသည့်ကဏ္ဍကို ရောက်ရှိလာပြီဖြစ်ကြောင်း၊ မိမိတို့သည် တရားမရှိ ရက်စက်ကြမ်းကြုတ်သော ရန်သူကို ရင်ဆိုင်နေရသည်မှာ မှန်သော်လည်း ဥပဒေနှင့်အညီ လောကပါလတရားကို အမြဲနှလုံးမူ လက်ကိုင်ထား ကျင့်သုံးကြရမည် ဖြစ်ကြောင်း၊ တော်လှန်ရေးကာလဖြစ်သည့်အတွက် မြေပြင်အဆင့်ဆင့် လက်တွေ့ အကောင်အထည်ဖော်ကြရာတွင် အာဏာသက်ရောက်မှု၊လူ့စွမ်းအားအရင်းအမြစ်၊ ဘဏ္ဍာရေး စသဖြင့် အခက်အခဲများရှိနိုင်ကြောင်း၊ အခက်အခဲကြားများမှ ပြည်သူများအတွက် မျှတသော တရားရေးစနစ်ကို ဖော်ဆောင်ပေးရမည်မှာ မိမိတို့အစိုးရ၏တာဝန်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် အစည်းအဝေးတက်ရောက်လာသူများမှ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြပြီးနောက် တရားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦးက တရားစီရင်ရေးလုပ်ငန်းများ အောင်မြင်စွာ ဖော်ဆောင်နိုင်ရန်အတွက် တရားရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ လူ့အခွင့်အရေးဝန်ကြီးဌာန၊ အမျိုး သမီးနှင့်ကလေးသူငယ်ဝန်ကြီးဌာနမှ နွေဦးတော်လှန်ရေးဘက်တော်သားများ အားလုံး အတူတကွ ဝိုင်းဝန်းဆောင်ရွက်နေကြကြောင်း၊ နွေဦးတော်လှန်ရေးမှ ပေါက်ဖွားလာကြသော အဖွဲ့အစည်းများဖြစ်သည့်အလျောက် အားနည်းချက်များအား ဝိုင်းဝန်းကူညီထောက်ပံ့ပေးကြမည်ဆိုပါက မျှော်မှန်းထားသည့် အောင်ပွဲကို ရရှိမည်ဖြစ်ကြောင်း၊ ယခုဆွေးနွေးပွဲများမှတဆင့် လမ်းညွှန်ချက်ကို လမ်းမှန်စေခဲ့၍ သမိုင်းပေးတာဝန်ကို အောင်အောင် မြင်မြင်ဆောင်ရွက်နိုင်ကြမည် ဖြစ်ကြောင်း ပြောကြား၍ အစည်းအဝေးအား ညနေ (၃:၀၀)နာရီတွင် အောင်မြင်စွာ ရပ်နားခဲ့သည်။

Join Our Telegram Channel…. https://t.me/nug_moj

တရားရေး၀န်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်