အမျိုးသားညီညွတ်ရေးအစိုးရ ၊ တရားရေးဝန်ကြီးဌာနနှင့် မြေပြင်တရားသူကြီးများ တွေ့ဆုံ ဆွေးနွေးပွဲ အမှတ်စဉ်(၁၄/၂၀၂၃)ကို (၁၁-၁၁-၂၀၂၃) ရက်နေ့ မြန်မာစံတော်ချိန် နံနက် (၁၀:၀၀) နာရီ အချိန်တွင် စတင်ကျင်းပခဲ့သည်။
ထိုအခမ်းအနားသို့ တရားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦး၊ ဒုတိယအမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ရုံးအဖွဲ့မှူးများ၊ ညွှန်ကြားရေးမှူးများ၊ ကြားကာလ တရားစီရင်ရေး ဆိုင်ရာ ဦးစီးဌာနမှ တာဝန်ရှိဝန်ထမ်းများနှင့် မြေပြင်တရားရုံး(၂၈)ရုံးမှ တရားသူကြီးများ၊ ဆက်သွယ်ရေး တာဝန်ခံများ တက်ရောက်ခဲ့ကြသည်။
ပထမဦးစွာ တရားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားရာတွင် အစည်းအဝေးဖြစ်မြောက်အောင် ဆောင်ရွက်ပေးသည့် တာဝန်ရှိသူများ၊ မြေပြင်တရားသူကြီးများနှင့် တွေ့ဆုံသည့်အစည်းအဝေးအား တက်ရောက်လာသော မြေပြင်မှ တရားသူကြီးများ၊ တရားရေးဝန်ကြီး ဌာနမှ တာဝန်ရှိသူများအားလုံးကို အထူးကျေးဇူးတင်ပါကြောင်း၊ မိမိတို့အနေဖြင့် ယခုကာလ အတော
အတွင်းတွင် တော်လှန်ရေးရေချိန်မှာ တဆစ်ချိုး ရောက်ရှိလာပြီဖြစ်ကြောင်း၊ နွေဦးတော်လှန်ရေး၏ အောင်မြင်မှုပန်းတိုင်သည် ယခင်ကကဲ့သို့ ဝေဝေဝါးဝါး မဟုတ်ပဲ ထင်ထင်ရှားရှား တွေ့မြင်နေရပြီဖြစ် ကြောင်း၊ ကောလင်းကဲ့သို့ခရိုင်မြို့ကြီးကို မြို့သိမ်းတိုက်ပွဲဆင်နွှဲနိုင်ပြီဖြစ်ပြီး၊ တော်လှန်ရေးညီနောင် မဟာမိတ်အဖွဲ့များ၊ မူလထဲက ရှိနေသည့် EROများမှလဲ ဘက်ပေါင်းစုံမှ ပူးပေါင်းပါဝင်ဆောင်ရွက်ပြီး နွေဦးတော်လှန်ရေး အောင်မြင်အောင် ဆောင်ရွက်ပြင်ဆင်နေကြချိန်လည်း ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့ အချင်းချင်းကြားထဲတွင် ခိုင်ခိုင်မာမာကျစ်ကျစ်လစ်လစ်ဖြစ်ရန် အင်မတန်အရေးကြီးကြောင်း၊ တရားစီရင်ရေးနှင့်ပတ်သက်သူများမှာ ပို၍ အရေးကြီးကြောင်း၊ နယ်မြေစိုးမိုးမှုများရလာသည်နှင့်အမျှ တရားဥပဒေစိုးမိုးမှုရှိရန်သည် မိမိတို့ တာဝန်ဖြစ်ကြောင်း၊ တရားဥပဒေ စိုးမိုးမှုရရှိအောင် မိမိတို့ ဘယ်လိုစီမံဆောင်ရွက်ကြမလဲ၊ မိမိတို့ စီမံဆောင်ရွက်မှု၊ လုပ်ဆောင်ချက်များ သည် ထဲထဲဝင်ဝင် လုပ်ဆောင်သည်နှင့်အမျှ ယုံကြည်မှုများ ရရှိလာမည်ဖြစ်ကြောင်း၊ တော်လှန်ရေး အလွန်ကာလတွင် ကြုံတွေ့ရမည့် တရားဥပဒေစိုးမိုးရေးမှာ အင်မတန်အရေးကြီးကြောင်း၊ တော်လှန်ရေး အလွန်ကာလမှာ ရရှိလာမည့် တရားဥပဒေစိုးမိုးရေးကို ပီပီပြင်ပြင် အကောင်အထည်မဖော်နိုင်လျှင် မိမိတို့ရရှိသည့် နွေဦးတော်လှန်ရေးအောင်မြင်မှု ရလာဘ်များသည် ခိုင်မြဲမှုအားနည်းသွားမည် ဖြစ်ကြောင်း၊ တစ်နည်းအားဖြင့် လူထု၏ စိတ်ပျက်မှု နိုင်ငံတကာ၏စိတ်ပျက်မှုများ နှင့်အတူ တရားဥပဒေစိုးမိုးမှုမရှိဘူးဆိုလျှင် ပြည်တွင်းရော၊ နိုင်ငံတကာကပါ တော်လှန်ရေးအပေါ် စိတ်ပျက် သွားနိုင်မည်ဖြစ်၍ အလွန်အရေးကြီးသည့် ကာလတစ်ခုဖြစ်ကြောင်း၊ မိမိတို့မှာ အောင်ပွဲမလွဲမသွေ ရတော့မည်ဖြစ်ကြောင်း၊ မလွဲမသွေအောင်ပွဲ ရလာသည့်အခါ မိမိတို့တရားရေးသည် ယခုထက်ပို၍ ကျစ်ကျစ်လစ်လစ်နှင့် ထိထိရောက်ရောက် လုပ်နိုင်ဖို့ ဘယ်လိုအချက်တွေလိုအပ်သလဲဆိုတာ နည်းလမ်းများ ရှာဖွေကြရမည်ဖြစ်ကြောင်း၊ အနာဂတ်မျှော်မှန်းချက်တွေကို ယခုအချိန်တွင် ထုတ်ဖော်ဆွေးနွေးကြရမည့် အနေအထားဖြစ်ကြောင်း၊ ဒီကာလအတွင်းမှာပင် ကြားကာလ တရားစီရင်ရေးဗဟိုကော်မတီ အစည်းအဝေးများပြုလုပ်၍ လာတော့မည်ကာလတွင် မိမိတို့ တရားစီရင်ရေး ဘယ်လိုစနစ်နဲ့သွားမှာလဲဆိုသည်ကို ဗဟိုအဆင့်တွင် ဆွေးနွေးခဲ့ကြောင်း၊ ပဋိပက္ခအလွန်ကာလတွင် ကြုံတွေ့ရမည့် တရားစီရင်ရေးစနစ်ဟာ ဘာလဲ ဆိုသည့် မေးခွန်းသည် လူတိုင်းနှင့်သက်ဆိုင်သည့် မေးခွန်းဖြစ်လာကြောင်း၊ အထူးသဖြင့် မြေပြင်တွင် တာဝန်ထမ်းဆောင် နေကြသည့် တရားသူကြီးများနှင့် ဝန်ထမ်းများ၊ မြို့နယ်ဥပဒေတာဝန်ခံနှင့် ဝန်ထမ်းများ အတွက် အလွန်အရေးကြီးကြောင်း၊ အခြားသော ဥပဒေနှင့်သက်ဆိုင်သည့်၊ တရားစီရင်ရေးနှင့်ပတ်သက်သည့် ပြင်ပရှေ့နေရှေ့ရပ်များသည် ယခုလုပ်ငန်းတွင် ပါဝင်ပတ်သက်လာရတော့မည်ဖြစ်ကြောင်း၊ ယခုအခါ မြို့နယ်အဆင့်တွင်ပင် စဉ်းစားနေရတာဖြစ်သော်လည်း ပဋိပက္ခအလွန်အဆင့်တွင် ဖက်ဒရယ်အဆင့်ကို စတင်စဉ်းစားရန် လိုလာပြီဖြစ်ကြောင်း၊ အထူးသဖြင့် ပြည်နယ်အလိုက် စိုးမိုးနိုင်သည့် ကရင်နီပြည်နယ်တွင် ပြည်နယ်အတွင်းရှိ ပြည်နယ်အစိုးရယန္တရား ပေါ်ပေါက်လာရန် ဆောင်ရွက် နေသည်ကို တွေ့ရကြောင်း၊ အခြား ချင်း၊ ကရင်၊ ကချင်တို့တွင်လည်း လုပ်ဆောင်နေခြင်းများရှိကြောင်း၊ ပြည်နယ်အတွင်းတွင် ရှိသည့် တရားစီရင်ရေးလုပ်ငန်းသည်ဘာလဲ၊ ပြည်နယ်အချင်းချင်းကြားမှာ ဆောင်ရွက်ရမည့် ဖက်ဒရယ် အငွေ့အသက်ပါသည့် တရားစီရင်ရေးစနစ်သည် ဘာလဲ ဆိုသည့် ကိစ္စသည် အလွန်အရေးကြီးသည့် လုပ်ငန်းဖြစ်သလို စိမ်ခေါ်မှုတစ်ရပ်လည်း ဖြစ်ကြောင်း၊ အဆိုပါကိစ္စအား ပြီးခဲ့သည့် နှစ်ပတ်အတွင်း ဗဟိုအဆင့်တွင် ဆွေးနွေးခဲ့ကြပြီး ဖြစ်ကြောင်း၊ ယင်းဆွေးနွေးပွဲတွင် ဖက်ဒရယ်စနစ်ကို မရောက်မီအသွင်ကူးပြောင်းရေးကာလတွင် ဘယ်လို တရားစီရင်ရေးစနစ်နှင့် လုပ်ကြမလဲဆိုသည်ကို အဓိကထား ဆွေးနွေးခဲ့ကြောင်း၊ အထူးသဖြင့် စစ်ကိုင်းနှင့်မကွေးတွင် ဆောင်ရွက်နေကြသည့် မြို့နယ်တရားရုံး တရားသူကြီးများအနေနှင့် ဒါကို စဉ်းစားရမည့် ကိစ္စ ဖြစ်ကြောင်း၊ ပြည်နယ်ဖြစ်၍ ပြည်နယ်ကောင်စီများပေါ်လာပြီး ပြည်နယ်လွှတ်တော်များ ပေါ်ပေါက်လာရန်ကြိုးစားနေကြောင်း၊ တရားစီရင်ရေးနဲ့ ပြည်နယ်အစိုးရ၊ တရားရုံးတွေနဲ့ ပြည်နယ် အစိုးရများ ဖော်ဆောင်ရန် ကြိုးစားနေကြတာဖြစ်ကြောင်း၊ ပြည်နယ်များတွင် တကယ်လက်တွေ့ကျကျ ကြိုးစားနေကြတာဖြစ်ကြောင်း၊ မိမိတို့လည်း နိုင်ငံရေးကို မျက်ခြည်ပြတ်၍ မရကြောင်း၊ မိမိတို့ တရားသူကြီးများအနေဖြင့် ဘယ်လိုအနေအထားမျိုးဖြင့် ဆောင်ရွက်မည်ကို စဉ်းစားထားကြရ မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ကရင်နီပြည်နယ်တွင် တရားရုံးများကို မြို့နယ်တရားရုံး၊ ခရိုင်တရားရုံးနှင့် ပြည်နယ်တရားရုံးချုပ်ဟူ၍ သုံးရုံးအနေဖြင့် ဖွဲ့စည်းထားပြီးဖြစ်ကြောင်း၊ တပြိုင်နက်တည်းမှာပင် တရားရုံးချုပ်နှင့်ပတ်သက်၍ ဘယ်လိုလဲဆိုသည်ကို စဉ်းစားနေကြပြီဖြစ်ကြောင်း၊ အဓိကအားဖြင့် စစ်ကိုင်း၊ မကွေး တို့တွင် ရှိနေသည့် တရားရုံးများအနေဖြင့်လည်း စဉ်းစားရတော့မည်ဖြစ်ကြောင်း၊ မိမိတို့ မပေါ်မီမှာပင် ပြည်နယ်များမှစ၍ တရားရုံးချုပ်ဖော်ဆောင်မည့် အနေအထားဖြစ်နေသည်ကိုလည်း တွေ့ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့ တရားသူကြီးများအနေဖြင့် အဓိက အားကောင်းသည်မှာ မြို့နယ်တရားရုံးများကို လက်တွေ့ကျကျ တည်ထောင်နိုင်ပြီး စနစ်တကျဖြင့် တရားစီရင်ရေးလုပ်ငန်းများ လုပ်ဆောင်နေကြပြီဖြစ်၍ ထိုအတွေ့အကြုံသည် ဘာနှင့်မျှလဲ၍ မရကြောင်း၊ ပြည်သူတွေရဲ့ တရားစီရင်ရေးမှာ ပြည်သူတွေဘယ်လို တရားစီရင်၍ ရသည်ကို လက်တွေ့ကျကျ တကယ့်အတွေ့ အကြုံရှိကြသော CDM တရားသူကြီးများ၊ CDM ဥပဒေအရာရှိများ၊ ပြင်ပမှ ရှေ့နေကြီးများ ပူးပေါင်း ပါဝင်ဆောင်ရွက်၍ အင်အားထုထည် ကြီးကြီးမားမားနှင့်ဆောင်ရွက်နိုင်သည်မှာ တရားရေးဝန်ကြီး ဌာနသာ ရှိကြောင်း၊ ဒါတွေကို ဘယ်လောက်အတိုင်းအတာနဲ့ ပေါင်းကူးဆက်သွယ် ဆောင်ရွက်နိုင်မလဲ ဆိုသည်ကို တရားသူကြီးများ စဉ်းစားရမည့် အချိန်ရောက်လာပြီဖြစ်ကြောင်း၊ မကြာမီကာလအတွင်း မြို့သိမ်းတိုက်ပွဲများ ဆင်နွှဲပြီးချိန်တွင် မိမိတို့ တရားစီရင်ရေးစနစ်ပုံစံဟာ ဘာလဲဆိုတာ နှင့် တပြိုင်နက်တည်းမှာ ဖက်ဒရယ်တရားစီရင်ရေးဆိုတာဘာလဲ၊ ဘယ်လိုလုပ်ကြရမလဲ ဆိုတာကိုပါ စဉ်းစားရတော့မည်ဖြစ်ကြောင်း၊ ထို့ကြောင့် တရားသူကြီးများအတွက် နိုင်ငံတကာနှင့်ပူးပေါင်း၍ လက်တွေ့ကျကျ ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံခြားပညာရှင်များနှင့် လက်တွေ့ကျကျ သင်တန်းများ ဖော်ဆောင်နိုင်ခဲ့ကြောင်း၊ MoJနှင့် မိတ်ဖက်အဖွဲ့အစည်းများ ပူးပေါင်း၍ သင်တန်းများ ဆက်တိုက် လုပ်တော့မည်ဖြစ်ကြောင်း၊ တရားရုံးများသည် မိမိတို့ရုံးတွင်တင်ပို့လာသောအမှုများနှင့်ပတ်သက်၍ ကြားနာခြင်း၊ စစ်ဆေးခြင်း၊ စီရင်ချက်ချမှတ်ခြင်းများသည် မှတ်တမ်းများပင်ဖြစ်ကြောင်း၊ တရားဥပဒေ စိုးမိုးရေးကို ဘယ်လောက်ထိ လုပ်ကိုင်နိုင်စွမ်းရှိသလဲဆိုသည့် မှတ်တမ်းပင်ဖြစ်ပြီး တစ်ချိန်တွင် ဂုဏ်ယူရမည်ဖြစ်ကြောင်း၊ တော်လှန်ရေးသည် အရှိန်အဟုန်ပြင်းစွာဖြင့် ရှေ့ကိုချီတက်နေသည်ကို တွေ့ရမည်ဖြစ်ပြီး၊ တော်လှန်ရေးအရွေ့တစ်ခုကို မိမိတို့သာမက နိုင်ငံတကာကပါ သိသာထင်ရှားစွာ တွေ့မြင်ရပြီဖြစ်ပြီး ထိုအရွေ့နှင့်အတူ မိမိတို့လုပ်ငန်းများကို အဓိကတာဝန်ယူဆောင်ရွက်ကြရမည့် တရားရေးဝန်ကြီးဌာနတွင် အဓိကတာဝန်ရှိသည့် အတွက် သုံးချောင်းထောက်စနစ်ဖြစ်သည့် တရားရုံး၊ ဥပဒေရုံးနှင့် အကျဉ်းဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်မှသာ လုပ်ငန်းအောင်မြင်မည်ဖြစ်ကြောင်း၊ ဒေါက် ၃ ခု ညီနေလျှင် မအောင်မြင်စရာအကြောင်းမရှိကြောင်း၊ အချင်းချင်းကြားတွင် ပွတ်တိုက်မှုများ ဘယ်လိုပင်ရှိရှိ နွေဦးတော်လှန်ရေးအောင်ပွဲအတွက် ရှေ့ရောက်အောင် သွားရမည်ဖြစ်ကြောင်း၊ ပွတ်တိုက်မှုများနှင့်ပတ်သက်၍ မဖြေရှင်းနိုင်စရာအကြောင်းလဲမရှိကြောင်း၊ ထိုကိစ္စသည် ပြဿနာ တစ်ခုမဟုတ်ကြောင်းနှင့် မိမိတို့မှာ ဘုံရန်သူကို တိုက်ရမည်ဖြစ်ကြောင်း၊ ယခုသည် ကြားကာလဖြစ်ပြီး အသွင်ကူးပြောင်းရေးကာလကို ဖြတ်ရအုံးမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့ မျက်ခြည်ပြတ်၍ မရကြောင်း၊ ပြည်သူများနှင့်အတူ တော်လှန်ရေးအရွေ့နှင့်အတူ လိုက်ပါနိုင်ရန် အရေးကြီးကြောင်း၊ ယခုအချိန်တွင် တော်လှန်ရေးစိတ်ဓာတ်ဖြင့် တစ်ချီထဲ ရုန်းနိုင်ရန် လိုကြောင်း၊ အားလုံးညီညီညွတ်ညွတ် နှင့် ဆောင်ရွက်မှသာလျင် အောင်မြင်နိုင်မှာဖြစ်သည့်အတွက် တော်လှန်ရေးညီအကို မောင်နှမများ မိသားစုစိတ်ဓာတ်ဖြင့် ဖြေရှင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ တက်ရောက်လာသူများအားလုံးကို ကျေးဇူးတင်ပါကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
ဆက်လက်၍ မြေပြင်တရားသူကြီးမျာ၏ ကြိုတင်မေးမြန်းထားသောမေးခွန်းများနှင့် အစည်းအဝေး တက်ရောက်လာကြသော မြေပြင်တရားသူကြီးများ သိရှိလိုသည့်အကြောင်းအရာများကို သက်ဆိုင်ရာ တာဝန်ရှိသူအသီးသီးက ပြန်လည်ဖြေကြားခဲ့ပြီးနောက် အစည်းအဝေးဆွေးနွေးချက်များ အရ အစည်းအဝေးဆုံးဖြတ်ချက်များ၊ ရှေ့လုပ်ငန်းစဉ်များကို ပြည်ထောင်စုဝန်ကြီးမှ အတည်ပြုချမှတ် ခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးမှ ယနေ့အစည်းအဝေးတွင် မြေပြင်တွင်ရှိနေသည့် အခြေအနေများ အားလုံးကို ပွင့်ပွင့်လင်းလင်း အားလုံးဆွေးနွေးကြသည့်အတွက် တာဝန်ခံရသည့် တရားရေးဝန်ကြီးဌာနမှ အဖြေရှာဆွေးနွေးကြသည့်အတွက် အဖြေကိုရရှိနိုင်လောက်သည့် ဆွေးနွေးချက် များ ရရှိသည်ဟု ယူဆမိပါကြောင်း၊ ထို့ကြောင့် အလွန် အကျိုးကျေးဇူးရှိသည့် အစည်းအဝေးဖြစ်ကြောင်း၊ အစည်းအဝေးဖြစ်မြောက်ရန် စီစဉ်ဆောင်ရွက်ပေးသူများနှင့် တက်ရောက်လာသူများအားလုံးကိုလည်း အထူးကျေးဇူးတင်ပါကြောင်း၊ အထူးအားဖြင့် တော်လှန်ရေးသည် အချိုးအကွေ့တစ်ခု ရောက်ရှိနေ ကြောင်း ကို မည်သူမှငြင်းမရပဲ ကမ္ဘာကပါ အသိအမှတ်ပြုရသည့် အနေအထားဖြစ်နေကြောင်း၊ ထို့ကြောင့် မိမိတို့၏ တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်နိုင်ရန် အားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ရန် အရေးကြီးကြောင်း၊ တော်လှန်ရေးဆောင်ရွက်ရာတွင် တစ်ဦးကောင်း တစ်ယောက်ကောင်းနှင့်လုပ်၍ မရသည်မှာ ထင်ရှားပါကြောင်း၊ ထို့ကြောင့် မိမိတို့တွင် အခက်အခဲ မည်မျှပင် ရှိရှိ တော်လှန်ရေးစိတ်နှင့် ပူးပေါင်းဆောင်ရွက်ပေးပါရန် တိုက်တွန်းပါကြောင်းနှင့် အားလုံး ကျန်းမာချမ်းသာကြပါစေဟု ဆုတောင်း မေတ္တာ ပို့လျက် နိဂုံးချုပ် အမှာစကားအား ပြောကြားပြီး အစည်းအဝေးအား မြန်မာစံတော်ချိန် နေ့လယ် (၀၁:၃၀) အချိန်တွင် ရုပ်သိမ်းခဲ့သည်။
ကြားကာလတရားစီရင်ရေးဆိုင်ရာဦးစီးဌာန
တရားရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ
