အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးဌာနနှင့် မြို့နယ် တရားရုံးများမှ တရားသူကြီးများတွေ့ဆုံဆွေးနွေးသည့် အစည်းအဝေးအမှတ်စဉ်(၁၅/၂၀၂၃)ကို (၃၀-၁၂-၂၀၂၃) ရက်နေ့ မြန်မာစံတော်ချိန် နံနက်(၁၀:၀၀)အချိန်တွင် စတင်ကျင်းပခဲ့ပါသည်။

ထိုအစည်းအဝေးသို့တရားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဉီးသိန်းဦး၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ တရားရေးဝန်ကြီးဌာန၏ဌာနအသီးသီးမှညွှန်ကြားရေးမှူးချုပ်များ၊ညွှန်ကြားရေးမှူးများ၊ အကြံပေးပုဂ္ဂိုလ်များ၊ ကြားကာလတရားစီရင်ရေး ဆိုင်ရာဦးစီးဌာနမှ ရုံးအဖွဲ့နှင့်တာဝန်ရှိ ဝန်ထမ်းများ၊ ဆက်သွယ်ရေးတာဝန်ခံများနှင့် မြေပြင် တရားရုံး(၂၈)ရုံးမှ တရားသူကြီးများ တက်ရောက်ခဲ့ကြပါသည်။

ပထမဦးစွာပြည်ထောင်စုဝန်ကြီးဉီးသိန်းဦးမှအဖွင့်အမှာစကားပြောကြားရာတွင် ယခုအခါ နှစ်ကုန်ပိုင်းသို့ရောက်လာပြီး တော်လှန်ရေးမှာလည်း ၃ နှစ် ပြည့်ကာနီးပြီ ဖြစ်ကြောင်း၊ လက်သုံးချောင်း ထောင်ကာစတင်ခဲ့သည့် နွေဦးတော်လှန်ရေးသည် အတော်လေး တိုးတက်သည့် ပြောင်းလဲမှုအကြီးကြီးကိုတွေ့နေရပြီဖြစ်သဖြင့် အားလုံးအတွက် ဂုဏ်ယူ အားတက်စရာပင်ဖြစ်ကြောင်း၊ ထို့ကြောင့် တော်လှန်ရေးတွင် ပေးဆပ်နေကြသော တော်လှန်ရေးရဲဘော်ရဲဘက်များသည် ဂုဏ်ယူထိုက်သည့် ပုဂ္ဂိုလ်များဖြစ်ပြီး အဆိုပါပုဂ္ဂိုလ်များနှင့် လက်တွဲလုပ်ဆောင်ရသည့်အတွက်လည်း ဂုဏ်ယူပါကြောင်း၊ တော်လှန်ရေး၏ တိုးတက်မှုကို ကြည့်ရမည်ဆိုပါက စစ်ကိုင်းတိုင်းတွင် မြို့သိမ်းတိုက်ပွဲများ ဆင်နွှဲနိုင်ခဲ့ပြီး ခရိုင်မြို့များကိုပါသိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ဘဏ်လုပ်ငန်းများအဆင့်ထိဆောင်ရွက်နိုင်ခဲ့သဖြင့် တော်လှန်ရေးရေချိန် မှတ်တိုင်တစ်ခုဖြစ်ပြီး ၅/ များ၏အောင်ပွဲပင်ဖြစ်ကြောင်း၊ သို့ဖြစ်၍ ယခုကာလတွင် တရားရုံးများ၊ ဥပဒေရုံးများနှင့် အကျဉ်းဦးစီးဌာနတို့ သုံးချောင်းထောက်စနစ်ဖြင့် တရားမျှတမှု ရှာဖွေသည့် လုပ်ငန်းကို လုပ်ကိုင်သည့်နေရာတွင် တရားရုံးများ၊ တရားသူကြီးများမှာ အဓိက အခန်းကဏ္ဍတွင် ပါဝင်နေကြောင်း၊ ယခုကာလတွင် တရားသူကြီးများအဖြစ် တာဝန်ထမ်းဆောင်ရခြင်းသည် တာဝန်ကြီးလေးပြီး လွန်စွာအခက်အခဲများရှိမည် ဖြစ်သော်လည်း ယခုအခြေအနေသည် ပေးတိုင်းယူ၍ မရသလို တောင်းတိုင်းလဲ ပေးလို့ရသည့် အနေအထားမဟုတ်ကြောင်း၊ သမိုင်းအရ ပေါ်ပေါက်လာသော နွေဦးတော်လှန်ရေးအခြေအနေအောက်တွင် မိမိတို့မှာ ကိုယ့်နိုင်ငံ၊ ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုးအတွက် လုပ်ကိုင်ဆောင်ရွက်ခွင့်ရသည်မှာ အခွင့်အရေးထူး တစ်ရပ်ဖြစ်ကြောင်း၊ ဤအခွင့်အရေးက သမိုင်းပေးအခွင့်အရေးဖြစ်ပြီး အချိန်မရွေး ပေါ်ပေါက်နိုင်သည့် အခွင့်အရေးမဟုတ်ကြောင်း၊ သာမန်ချိန်မဟုတ်ဘဲ တော်လှန်ရေး ကာလဖြစ်သည့်အတွက် အခက်အခဲအများကြီးရှိမည်ဖြစ်ပြီး ထိုအခက်အခဲများကို မိသားစုစိတ်ဓာတ်ဖြင့် ဝိုင်းဝန်းကြိုးစားခြင်းဖြင့် ကျော်လွှားနိုင်မည်ဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ထို့နောက်တက်ရောက်လာသူ တရားသူကြီးများမှ မေးမြန်းမှုများအပေါ် တာဝန်ရှိသူများမှ အသီးသီးပြန်လည် ဖြေကြားခဲ့ပြီး အစည်းအဝေးဆုံးဖြတ်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များအား ချမှတ်ကာ အစည်းအဝေးအား မြန်မာစံတော်ချိန် နေ့လယ်((၁၂:၂၂))နာရီ အချိန်တွင် အောင်မြင်စွာပြီးဆုံး ရပ်နားခဲ့ပါသည်။

ကြားကာလတရားစီရင်ရေးဆိုင်ရာဦးစီးဌာန

တရားရေးဝန်ကြီးဌာန

အမျိုးသားညီညွတ်ရေးအစိုးရ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်