အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးဌာနနှင့် မြို့နယ်တရားရုံးများမှ တရားသူကြီးများ တွေ့ဆုံဆွေးနွေးသည့် အစည်းအဝေး(၁၂/၂၀၂၃)ကို (၉.၉.၂၀၂၃)ရက်နေ့ မြန်မာစံတော်ချိန် နံနက်(၁၀:၀၀)နာရီအချိန်တွင် စတင်ကျင်းပခဲ့ပါသည်။
အစည်းအဝေးသို့ တရားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦး၊ အမြဲတမ်းအတွင်းဝန် ဒေါ်မေအောင်သူနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
ပထမဦးစွာ ပြည်ထောင်စုဝန်ကြီးဦးသိန်းဦးမှ နှုတ်ခွန်းဆက် အဖွင့်အမှာစကား ပြောကြား ရာတွင် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ယခုကာလအတွင်း အဓိကအချက် ဖြစ်သည့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေး လုပ်ငန်းကော်မတီကို ဖွဲ့စည်းရန်ဆောင်ရွက် နေပါကြောင်း၊ ဖွဲ့စည်းရသည့် အကြောင်းရင်းမှာ တစ်ဖက်မှရန်သူ၏ တိုက်ခိုက်နေမှုများရှိသလို မိမိတို့ဘက်တွင်လည်း သက်ဆိုင်ရာအာဏာပိုင်အဖွဲ့များ၏ အချို့သော လုပ်ဆောင်မှုများတွင် တရားဥပဒေစိုးမိုးမှုကို ထိခိုက်စေသည့် အနေအထားများရှိနေသည်ကို တွေ့ရှိရကြောင်း၊ အဆိုပါ အချက်သည် တော်လှန်ရေးကာလ ဖြစ်သည့်အလျောက် မိမိတို့နိုင်ငံတွင်သာမကပဲ တစ်ကမ္ဘာလုံး တွင် တော်လှန်ရေး လုပ်ဆောင်ရာ၌ ဖြစ်လေ့ဖြစ်ထရှိသည့် အချက်များဖြစ်ကြောင်း၊ တော်လှန်ရေး ကာလအတွင်း တရားဥပဒေစိုးမိုးမှုကို အထိုက်အလျောက် အားနည်းချက်များရှိနေနိုင်ပြီး ထိုအချက်အရ ဖြစ်ပေါ်လာသည့် ပွတ်တိုက်မှုများ၊ ထိခိုက်မှုများရှိကြရာ အဓိကအားဖြင့် ထိုကိစ္စများ ထပ်မံမဖြစ်ပွားရန်အတွက် တားဆီးရန်လိုကြောင်း၊ ထိုသို့မတားဆီးနိုင်ပါက လူထုယုံကြည်မှုသည် နွေဦးတော်လှန်ရေးအပေါ် ထိခိုက်နိုင်ကြောင်း၊ လူထု၏တော်လှန်လိုစိတ်များ လျော့နည်းလာပါက တစ်ဖက်အကြမ်းဖက်စစ်တပ်၏ ဝမ်းသာစရာဖြစ်စေပြီး တော်လှန်ရေးကိုထိခိုက်နိုင်ကြောင်း၊ ထို့ကြောင့်မိမိတို့ တတ်စွမ်းသမျှ ထိုးဖောက်ရမည်ဖြစ်ကြောင်း၊ အဓိကအားဖြင့် မိမိတို့အောင်မြင်မှု ကို တိုင်းတာရာတွင်လည်း အောက်ခြေအဆင့်ဆင့်ထိ တရားဥပဒေစိုးမိုးရေး လုပ်ငန်းများအား မည်မျှထဲထဲဝင်ဝင် အကောင်အထည်ဖော် ဆောင်ရွက်နေသည်ဆိုခြင်းမှာ အရေးကြီးသည့် အချက် ဖြစ်ကြောင်း၊ ထို့ကြောင့် တရားဥပဒေစိုးမိုးရေးလုပ်ဆောင်ရာတွင် တရားရေးဝန်ကြီးဌာန တစ်ဖွဲ့တည်းဖြင့် လုပ်ဆောင်၍မရဘဲ အခြားသောအဖွဲ့အစည်းများနှင့် အတူတကွ ပူးပေါင်း ဆောင်ရွက်မှသာလျှင် တော်လှန်ရေး၏ စံချိန်စံညွှန်းများနှင့်အညီ အောင်ပွဲရရှိနိုင်မည် ဖြစ်ကြောင်း၊ ထို့ကြောင့် ကြားကာလတရားစီရင်ရေး ဖော်ဆောင်မှုကော်မတီကို ဖွဲ့စည်းထားရှိ ပြီးခဲ့သလို တရားဥပဒေစိုးမိုးရေးအတွက် လက်တွေ့လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေး လုပ်ငန်းကော်မတီကို ဖွဲ့စည်းနိုင်ရန် ဆောင်ရွက် ထားလျက်ရှိကြောင်း၊ အဓိကအားဖြင့် မြို့နယ်များက အခြေခံလုပ်ဆောင်ရမည် ဖြစ်၍ သုံးချောင်းထောက်စနစ်အရ မြေပြင်တရားရုံးများ၊ မြို့နယ်ဥပဒေရုံးများ၊ အကျဉ်းဦးစီးဌာနများ မှာ ကျစ်ကျစ်လစ်လစ် စုစုစည်းစည်းဖြင့် ပူးပေါင်းဆောင်ရွက်ရန် မေတ္တာရပ်ခံပါကြောင်း အဖွင့်အမှာ စကား ပြောကြားခဲ့ပါသည်။
ဆက်လက်၍ တက်ရောက်လာသော တရားသူကြီးများ၏ မေးမြန်းမှုများအပေါ် တာဝန်ရှိသူ များမှ သက်ဆိုင်ရာကဏ္ဍအလိုက် ပြန်လည်ဖြေကြားခဲ့ပြီး အစည်းအဝေးဆုံးဖြတ်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များ ချမှတ်ခဲ့သည်။
ထို့နောက် အမြဲတမ်းအတွင်းဝန် ဒေါ်မေအောင်သူမှ ယနေ့အစည်းအဝေးမှ မြေပြင်နှင့် ဝန်ကြီးဌာနတို့ကြား ချိတ်ဆက်မှု အများကြီးရရှိလာခဲ့ကြောင်း၊ မြေပြင်အခက်အခဲများကိုလည်း တင်ပြနိုင်ခဲ့သည်ကိုတွေ့ရကြောင်း၊ တရားရေးဝန်ကြီးဌာနတွင် ဌာနကြီး သုံးခုဖြစ်သည့် တရားရုံး၊ ဥပဒေရုံးနှင့် အကျဉ်းဦးစီးဌာနတို့မှာ တစ်မိုးအောက်တည်းတွင် ရှိသည့် အတွက် မိခင်ဌာန အတွင်းရှိသူ အချင်းချင်း အဆင်ပြေပြေချိတ်ဆက် ဆောင်ရွက်သွားကြရမည် မည်ဟု မျှော်လင့်ပါ ကြောင်း၊ မိမိတို့၏ ဘုံရန်သူမှာ စစ်ကောင်စီ တစ်ဦးတည်းဖြစ်ကြောင်း၊ မြေပြင်တွင် တရားဥပဒေစိုးမိုးရေးလုပ်ငန်း၊ တရားရေးလုပ်ငန်းများတွင် ဝင်ရောက် စွက်ဖက်နေသည့် လက်နက်ကိုင်အဖွဲ့ အချို့ရှိသော်လည်း ထိုသူများကို ရန်သူဟု ပြောခြင်းမဟုတ်ကြောင်း၊ မိခင်ဌာနမဟုတ်သော်လည်း မိတ်ဖက်အဖွဲ့အစည်းများသာဖြစ်ကြောင်း၊ အဆိုပါ အခက်အခဲများကို ပြေလည်နိုင်ရန်အတွက် လူကြီးပိုင်းများမှ ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ မြေပြင်တွင် တာဝန်ထမ်းဆောင်နေသူများအနေဖြင့် လုံခြုံရေးကို ဂရုစိုက်စေလိုကြောင်း၊ မြေပြင်တွင် အဆင်ပြေပြေ တာဝန်ဆောင်ရွက်နိုင်ရေးအတွက် မိမိတို့မှ အတတ်နိုင်ဆုံး ပံ့ပိုးကူညီပေးသွား မည်ဖြစ်ကြောင်း၊ မြေပြင်တွင် တာဝန်ထမ်းဆောင်ကြသူများအနေဖြင့်လည်း အခက်အခဲကြားမှပင် ကူညီဆောင်ရွက်ပေးကြပါရန်၊ မိမိတို့လည်း တတ်နိုင်သမျှ ပံ့ပိုးကူညီပေးသွားနိုင်ရန် ပေါင်းစပ် ညှိနှိုင်းရေးကော်မတီဖြင့် ဆောင်ရွက်သွားမည်ဖြစ်၍ အဆင်ပြေပြေနှင့် ဆောင်ရွက်နိုင်ကြလိမ့်မည် ဟု မျှော်လင့်ပါကြောင်းနှင့် အစည်းအဝေး တက်ရောက်ပေးပါသော ပြည်ထောင်စုဝန်ကြီးနှင့်တကွ တက်ရောက်လာသူများအားလုံးကို ကျေးဇူးတင်ပါကြောင်း နိဂုံးချုပ်အမှာစကား ပြောကြားပြီး အစည်းအဝေးအား မြန်မာစံတော်ချိန် နေလယ်(၁:၀၀)နာရီအချိန်တွင် အောင်မြင်စွာ ရပ်နားခဲ့ ပါသည်။
ကြားကာလတရားစီရင်ရေးဆိုင်ရာဦးစီးဌာန
တရားရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ
