အမျိုးသားညီညွတ်ရေးအစိုးရ
တရားရေးဝန်ကြီးဌာန
၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ(၂)ရက်

မြို့နယ်ဥပဒေတာဝန်ခံများနှင့် တွေ့ဆုံဆွေးနွေးခြင်း အစည်းအဝေးအခမ်းအနား
အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးဌာန၊ တရားစွဲနှင့်အမှုလိုက်ဦးစီးဌာန နှင့် မြို့နယ်ဥပဒေတာဝန်ခံများ တွေ့ဆုံဆွေးနွေးခြင်း အစည်းအဝေးအမှတ်စဥ် (၁၁/၂၀၂၃) အခမ်းအနားကို (၂-၉-၂၀၂၃) ရက်နေ့၊မြန်မာစံတော်ချိန် နံနက် (၁၀) နာရီတွင် ကျင်းပခဲ့ ပါသည်။
ထိုအခမ်းအနားသို့ တရားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ဒေါ်မေအောင်သူ၊ တရားဥပဒေစိုးမိုးရေးနှင့် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုဆိုင်ရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးတင်ထွန်းသိန်း၊ တရားစွဲနှင့်အမှုလိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနိုင်မျိုးထွန်း၊ ဥပဒေအကြံဉာဏ်ပေးရေးနှင့်ဥပဒေများစိစစ် အကြံပြုရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးအားမာန်၊ ကြားကာလတရားစီရင်ရေးဆိုင်၍ရာ ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရန်ကြီးအောင်၊ အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်၊ ဒုတိယအမြဲတမ်း အတွင်းဝန်ဒေါ်လင်းထက်စံ၊ အကြံပေးပုဂ္ဂိုလ်များ၊ ညွှန်ကြားရေးမှူးများ၊ ရုံးအဖွဲ့မှူးများ၊ တရားစွဲနှင့်အမှုလိုက်ဦးစီးဌာနမှ တာဝန်ရှိဝန်ထမ်းများ၊ မြေပြင်ဆက်သွယ်ရေး တာဝန်ခံများနှင့် မြို့နယ်(၁၉)မြို့နယ်မှ ဥပဒေတာဝန်ခံ(၂၂) ဦးတို့လည်း တက်ရောက်ခဲ့ကြ ပါသည်။
ရှေးဦးစွာ တရားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦး ကိုယ်စားအမြဲတမ်း အတွင်းဝန် ဒေါ်မေအောင်သူမှ အဖွင့်အမှာစကားပြောကြားရာတွင် တရားရေးဝန်ကြီးဌာန သည် တရားရုံးများ၊ ဥပဒေရုံးများနှင့် အကျဉ်းဦးစီးဌာနဟူသော ဌာန(၃)ခုပေါင်းစပ်ထားသည့် ဝန်ကြီးဌာနတစ်ခုဖြစ်ကြောင်း၊ ယခုအစည်း အဝေးတက်ရောက်လာသော ဥပဒေတာဝန်ခံများ အနေဖြင့် မိမိတို့ဝန်ကြီးဌာနနှင့်ပတ်သက်၍ တင်ပြပြောဆိုမေးမြန်လိုသည်များကို ပွင့်လင်းစွာ မေးမြန်းဆွေးနွေးနိုင်ကြောင်း၊ မိမိအနေဖြင့် မြေပြင်တွင်လုပ်ငန်းလုပ်ကိုင် ဆောင်ရွက်နေရ သော ဥပဒေတာဝန်ခံများ၏ အခက်အခဲများနှင့်သိရှိလိုသည်များကို တက်နိုင်သမျှပြန်လည် ဖြေကြားပေးပါမည်ဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြား၍ အစည်းအဝေး အခမ်းအနား ကို စတင်ခဲ့ပါသည်။
ဆက်လက်၍ ဥပဒေတာဝန်ခံများ၏ ကြိုတင်မေးမြန်းချက်များအပေါ်သက်ဆိုင်ရာ ဦးစီးဌာနမှတာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခြင်း၊ အထွေထွေဆွေးနွေးခြင်း၊ အစည်းအဝေး ဆုံးဖြတ်ချက်ချမှတ် ခြင်းနှင့် ရှေ့လုပ်ငန်းစဥ်များ ချမှတ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပါသည်။
ထို့နောက်အစည်းအဝေးဆုံးဖြတ်ချက်နှင့် ရှေ့လုပ်ငန်းစဥ်များအား တရားရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦးကိုယ်စား အမြဲတမ်းအတွင်းဝန် ဒေါ်မေအောင်သူမှ အတည်ပြုပေးခဲ့ပြီး တဆက်တည်း နိဂုံးချုပ်အမှာစကားပြောကြားရာတွင် “ဥပဒေရုံးများ၏ ငွေလုံးငွေရင်း ဘတ်ဂျက်ကိစ္စများနှင့်ပတ်သက်၍ မိမိလက်လှမ်းမီသမျှသာ ဖြေကြားခဲ့သည် ကို နားလည်ခွင့်လွှတ်ပေးစေလိုကြောင်း၊ တရားရေးဝန်ကြီးဌာနသည် ဝန်ကြီးဌာန(၃)ခုရှိ တရားသူကြီးများ၊ ဥပဒေအရာရှိများနှင့် ရှေ့နေရှေ့ရပ်များပေါင်းစပ် ဖွဲ့စည်းထားပြီး လမ်းချင်း တူ၍လူချင်းတွေ့ကြသူများဖြစ်ကြပြီး ဝမ်းကွဲမဟုတ်ဘဲ တစ်မိတည်းသားချင်းများဖြစ်သော ကြောင့် အားလုံး၏ဘုံရန်သူဖြစ်သော စကစ ကို စည်းလုံးညီညွတ်စွာဖြင့် အတူတကွ တော်လှန်သွားကြမည်ဖြစ်ကြောင်း၊ မြေပြင်ရှိဥပဒေတာဝန်ခံများအနေဖြင့် မိမိတို့၏ အခက်အခဲများကို ရင်ဖွင့်၍ပွင့်ပွင့်လင်းလင်း ပြောကြားပေးသည့်အတွက် ကျေးဇူးတင် ကြောင်း၊ ရှေ့ဆက်၍လည်းတစ်ဦးနှင့်တစ်ဦး ရင်းနှီးစွာဖြင့်အတူတစ်ကွ ရှေ့ဆက်လုပ်ကိုင် စေလိုကြောင်းနှင့် လုံခြုံရေးကိုလဲ အထူးဂရုစိုက်ကြပါရန်” နိဂုံးချုပ်အမှာစကားပြောကြား ကာ အစည်းအဝေး အခမ်းအနားကို မြန်မာစံတော်ချိန် နေ့လယ် ၁၂ နာရီ ၃၀ မိနစ် အချိန်တွင် အောင်မြင်စွာ ရပ်နားခဲ့ပါသည်။

တရားစွဲနှင့်အမှုလိုက်ဦးစီးဌာန
တရားရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်