‘’အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့”

နိုင်ငံသူ၊ နိုင်ငံသားများအားလုံး မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေကြောင်းနှင့် မူးယစ်ဆေးဝါးအန္တရာယ်မှ ကင်းဝေးကြပါစေကြောင်း တရားရေးဝန်ကြီးဌာနမှ ဦးစွာဆုမွန်ကောင်းတောင်းလိုက်ပါသည်။ ၁၉၈၇ ခုနှစ်တွင် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံက ဇွန်လ (၂၆) ရက်နေ့ကို ကမ္ဘာ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ အဖြစ် သတ်မှတ်ခဲ့ချိန်ကစ၍ ကမ္ဘာ့နိုင်ငံများနှင့်အတူ မြန်မာနိုင်ငံတွင် နှစ်စဉ်ကျင်းပလာခဲ့သည်မှာ (၃၆)ကြိမ်မြောက် ရှိပြီ ဖြစ်ပါသည်။

ကမ္ဘာ့နိုင်ငံတိုင်းတွင် မူးယစ်ဆေးဝါးများကို ဆေးပညာရပ်နှင့် ကျန်းမာရေးလိုအပ်ချက် အရ အသုံးပြုရန်မှ အပ ကျန်အခြေအနေ များတွင် အသုံးပြုခြင်းအား ဥပဒေပြဋ္ဌာန်းကာ တင်းတင်းကြပ်ကြပ် တားမြစ်ထားပါသည်။ မျက်မှောက်ကာလတွင် လူသားများအား လွယ်ကူစွာဖျက်ဆီးလျက်ရှိသည့် ကြောက်မက်ဖွယ်ရာကောင်းသော မူးယစ်ဆေးဝါးအန္တရာယ်ကို ကမ္ဘာ့ပြည်သူများ ထိတ်လန့်စွာ ရင်ဆိုင်ကြုံတွေ့လျက် ရှိပါသည်။

အသစ်အသစ်သော မူးယစ်ဆေးဝါးများအား နည်းလမ်းအမျိုးမျိုးဖြင့် ထုတ်လုပ်ဖြန့်ဖြူးလာခြင်းကြောင့် ပြည်သူလူထု၏ ကျန်းမာရေး၊ လူမှုရေး၊ အခြေခံစီးပွားရေးများကို အမျိုးမျိုးပျက်သုဉ်းစေပြီး၊ နိုင်ငံဖြတ်ကျော်မှုခင်းများ၊ အကြမ်းဖက်မှုခင်းများ၏ အကျိုးဆက်ရလဒ်ဖြစ်သည့် နယ်မြေတည်ငြိမ်ရေးနှင့် တရားဥပဒေ စိုးမိုးရေးများပါ ထိခိုက်လာနိုင်ပါသည်။

မူးယစ်ဆေးဝါးအန္တရာယ်ကို မြန်မာနိုင်ငံနှင့် ကမ္ဘာမြေပြင်တစ်ခုလုံးမှ အပြီးအပိုင် ချုပ်ငြိမ်းပပျောက်သွားစေရန် မြန်မာတစ်မျိုးသားလုံးက တာဝန်တစ်ရပ်အနေဖြင့် အရှိန်အဟုန်မြှင့် ပူးပေါင်းပါဝင်၍ တိုက်ဖျက်ရန်လိုအပ်ပါသည်။ ထို့အပြင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် မူးယစ်ဆေးဝါး စိုက်ပျိုး၊ ထုတ်လုပ်၊ ဖြန့်ဖြူးရေး လုံးဝချုပ်ငြိမ်း ပပျောက်စေရေးအတွက် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်ရမည် ဖြစ်ပါသည်။

လူငယ်များအကြား မူးယစ်ဆေးဝါးသုံးစွဲမှု ပိုမိုများပြား လာသည်နှင့်အမျှ  နိုင်ငံတော်၏ အနာဂတ်အား ပုခုံးပြောင်းတာဝန်ယူမည့် လူငယ်လူရွယ်များ လူညွန့်တုံး စေမည့် မူးယစ်ဆေးဝါး အန္တရာယ် တားဆီးကာကွယ်ရေးကို ပိုမိုတိုးမြှင့် လုပ်ဆောင်ရန် လိုအပ်နေပြီဖြစ်ပါသည်။ 

မူးယစ်ဆေးဝါး စိုက်ပျိုးထုတ်လုပ်မှု၊ ရောင်းဝယ်ဖြန့်ဖြူးမှု၊ အဂတိလိုက်စားမှုနှင့် ငွေကြေးခဝါချမှုစသည့် မူးယစ်ဆေးဝါးနှင့် ဆက်နွှယ်သောမှုခင်းများအား ထိရောက်ဟန့်တားသည့် ပြစ်ဒဏ်ချမှတ်ရေးကိုလည်း အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးဌာနအနေဖြင့်လည်း အလေးထား ဆောင်ရွက်နေပါသည်။

တရားရေးဝန်ကြီးဌာနအနေဖြင့် UN Convention ပါပြဋ္ဌာန်းချက်များနဲ့အညီ မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုနှင့် ပူးပေါင်းဆောင်ရွက်နိုင်မှုတို့အပေါ် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ၊ ဒေသဆိုင်ရာအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော ပြည်တွင်းအဖွဲ့အစည်းများ၊ ပြည်သူများနှင့်အတူ မူးယစ်ဆေးဝါးသုံးစွဲမှုတိုက်ဖျက်ရေး ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

အကြမ်းဖက်စစ်အုပ်စုမှ နိုင်ငံတော်အာဏာအား မတရားလုယူပြီးနောက် မူးယစ်ဆေးဝါး တားမြစ်ထိန်းချုပ်ရေးမှာ မြန်မာနိုင်ငံအတွက် စိန်ခေါ်မှုတစ်ရပ် ဖြစ်လာခဲ့ပါသည်။ သို့သော် ဒေသခံ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ စောင့်ကြပ်ကြည့်ရှုစစ်ဆေး ဆောင်ရွက်လျက်ရှိပါသည်။

“ကြိုတင်ကာကွယ်ခြင်းသည် ကုသခြင်းထက်ပို၍ကောင်းသည်” ဆိုသည့် ဆောင်ပုဒ်အတိုင်း မူးယစ်ဆေးဝါးသုံးစွဲမှု ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်နိုင်မှသာလျှင် အနာဂတ် လူငယ်များ၏ ဘဝကောင်းမွန်လာမည်ဟု ယုံကြည်ပါသည်။

လူငယ်များသည် နိုင်ငံ၏အနာဂတ်ဖြစ်သည်နှင့်အညီ မူးယစ်ဆေးဝါးသုံးစွဲမှုမှ ကင်းဝေးစေရေးအတွက် အသိပညာပေးရေး လုပ်ငန်းများကို ဒေသခံပြည်သူများနှင့် ပူးပေါင်းပြီး ဆောင်ရွက်လျက်ရှိပါသည်။ ပြည်သူမှ ပြည်သူသို့ အသိပညာပေးခြင်းနှင့် စောင့်ကြည့်ခြင်းသည် ပိုမိုထိရောက်မှုရှိသဖြင့် လူမှုအသိုက်အဝန်းနှင့် ဒေသခံပြည်သူများ၏ ပူးပေါင်းပါဝင်မှုသည်လည်း အထူးလိုအပ်လျက်ရှိပါသည်။

ယခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ ဆောင်ပုဒ်ဖြစ်သော ”People first: stop stigma and discrimination, strengthen prevention” (“ပြည်သူသာလျှင် အဓိက၊ ကာကွယ်မှုအားကောင်းစေဖို့ ဝေဖန်ပြစ်တင်ခြင်းနှင့်ခွဲခြားဆက်ဆံမှုကို ရပ်တန့်စို့”) ဆိုသည့်အတိုင်း ဘက်ပေါင်းစုံ ပြည်သူများ ပူးပေါင်းပါဝင်ကူညီခြင်းဖြင့် မူးယစ်ဆေးဝါးကင်းစင်သည့် လူမှုဘဝများကို တည်ဆောက်သွားကြရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။
တရားရေးဝန်ကြီးဌာန

Join Our Telegram Channel…. https://t.me/nug_moj

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်