မြို့နယ်ဥပဒေတာဝန်ခံများနှင့် တွေ့ဆုံဆွေးနွေးခြင်း

အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးဌာန၊ တရားစွဲနှင့်အမှုလိုက်ဦးစီးဌာန နှင့် မြို့နယ်ဥပဒေတာဝန်ခံများ တွေ့ဆုံဆွေးနွေးခြင်း အစည်းအဝေးအမှတ်စဥ် (၁/၂၀၂၄) အခမ်းအနားကို (၁၂-၄-၂၀၂၄) ရက်နေ့၊မြန်မာစံတော်ချိန် နံနက် (၉း၃၀) နာရီတွင် ကျင်းပခဲ့ ပါသည်။

ထိုအခမ်းအနားသို့ တရားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦး ပြည်ထောင်စုဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူးချုပ်ဦးအားမာန်၊ အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးမျိုးအောင်၊ တရားစွဲနှင့်အမှုလိုက်ဦးစီးဌာနမှ တာဝန်ရှိဝန်ထမ်းများ၊ မြေပြင်ဆက်သွယ်ရေးတာဝန်ခံများနှင့် မြို့နယ်(၁၉)မြို့နယ်မှ ဥပဒေတာဝန်ခံ(၂၂)ဦး တို့လည်း တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ တရားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦးမှ အဖွင့်အမှာစကား ပြောကြားရာတွင် ယခုအစည်းအဝေးသို့ တက်ရောက်လာသူများအားလုံး မင်္ဂလာပါဟု ဦးစွာ နှုတ်ခွန်းဆက်သပါသည်။ ယခုဆိုလျှင် မိမိတို့တော်လှန်ရေးတပ်ဖွဲ့များမှာ နယ်မြေများစွာ စိုးမိုးအနိုင်ယူထားပြီး အသာစီးရနေပြီဖြစ်ကြောင်း၊ ဘုံရည်မှန်းချက်အနေဖြင့် မိမိတို့အားလုံး စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးဖြစ်သောကြောင့် ရည်မှန်းချက်ပန်းတိုင် ရောက်ရှိရေးအတွက် ဘုံလုပ်ငန်းစဉ်များဆောင်ရွက်ကြရာတွင် မတူကွဲပြားခြားနားသော အကောင်အထည်ဖော်မှုများကို ကြုံတွေ့နေရကြောင်း၊ မိမိတို့နိုင်ငံ သည် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသို့ သွားမည်ဖြစ်သောကြောင့် လိုအပ်သော အခင်းအကျင်းများကို ဖန်တီးရရှိနိုင်ရေးအတွက် မည်မျှအတိုင်းအတာထိ အလုပ်လုပ်ကြမည်ဆိုသည်မှာ တိတိကျကျချမှတ်နိုင်ခြင်းမရှိသေးကြောင်း၊ အဓိကအားဖြင့် မည်သည့်အချိန်အခါဖြစ်စေ တရားဥပဒေစိုးမိုးရေးလုပ်ငန်းသည် လုပ်ကိုလုပ်ဆောင်ရမည့် လုပ်ငန်းတစ်ခုဖြစ်ကြောင်း၊ လွတ်လပ်သော တရားစီရင်ရေးစနစ်တည်ထောင်နိုင်ရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဒီမိုကရေစီစနစ်၏ ဒေါက်တိုင်ဖြစ်သော ဌာနများကိုတည်ဆောက်ရမည်ဖြစ်ကြောင်း၊ ယင်းကဲ့ သို့ပြုလုပ်နိုင်ရေးအတွက် မိမိတို့တရားရေးဝန်ကြီးဌာနသည် အဓိကနေရာတွင် ပါဝင်နေသောကြောင့် မိမိတို့တရားရေးဝန်ကြီးဌာနလက်အောက်တွင် ဆောင်ရွက်လုပ်ကိုင်နေကြ‌သော ဝန်ထမ်းများအနေဖြင့် တိုင်တိုင်ပင်ပင်နှင့် ညီညွတ်စွာလက်တွဲဆောင်ရွက်နိုင်ရန် အလွန် အရေးကြီးသောကြောင့် ဝန်ကြီးဌာနအတွင်းရှိ ဌာနများအားလုံးစည်းလုံးညီညွတ်စွာဖြင့် လုပ်ငန်းများအောင်မြင်အောင် ဆောင်ရွက်စေလိုကြောင်း၊ ထို့ကြောင့် ယနေ့အစည်းဝေးတွင် နိုင်ငံရေးအရလုပ်ဆောင်ရမည့် လုပ်ငန်းများမှာ ဘာတွေဖြစ်သလဲဆိုသောအချက်နှင့် လက်တွေ့လုပ်ငန်းခွင်တွင် ဘာတွေလုပ်ဆောင်ကြမလဲဆိုသော အချက်(၂)ချက်ကို အဓိကထားဆွေးနွေးရမည်ဖြစ်ကြောင်း ပြောကြား၍ အစည်းအဝေးအခမ်းအနားကို စတင်ခဲ့ပါသည်။

ဆက်လက်၍ ဥပဒေတာဝန်ခံများမှ မြို့နယ်များအတွက် လိုအပ်သော ဥပဒေတာဝန်ခံ များခန့်အပ်ပေးနိုင်ရေးကိစ္စ၊ အကျဉ်းသားများကိစ္စ၊ သင်တန်းရေးရာကိစ္စ၊ Non-CDMကိစ္စများနှင့် အယူခံ/ပြင်ဆင်ကိစ္စရပ်များ ဆွေးနွေးမေးမြန်းကြရာ သက်ဆိုင်ရာဌာနမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တရားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတို့မှ ပြန်လည်ဖြေကြားပေးခဲ့ပြီးနောက် အခမ်းအနားအစီအစဉ်အရ အထွေထွေလုပ်ငန်းကိစ္စရပ်များဆွေးနွေးခဲ့ကြသည်။

ထို့နောက်အစည်းအဝေးဆုံးဖြတ်ချက်နှင့် ရှေ့လုပ်ငန်းစဥ်များအား တရားရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦးမှ အတည်ပြုပေးခဲ့ပြီး တဆက်တည်း နိဂုံးချုပ်အမှာ စကားပြောကြားရာတွင် “ယခုလိုဥပဒေတာဝန်ခံများနှင့် တွေ့ဆုံဆွေးနွေးခွင့်ရသည့်အတွက် ကျေးဇူးတင်ဝမ်းမြောက်ကြောင်း၊ တစ်ဦးကောင်းတစ်ယောက်ကောင်းတစ်ဖွဲ့ကောင်းဖြင့် လုပ်ငန်းများမဆောင်ရွက်ပဲ အားလုံးစည်းလုံးစွာ ပူးပေါင်းဆောင်ရွက်စေလိုကြောင်း၊ တစ်ဦး တစ်ယောက်စီတိုင်းမှာ တန်ဖိုးရှိသူများဖြစ်သဖြင့် မိမိတို့ဥပဒေမိသားစုအနေဖြင့် အချင်းချင်း တိုင်ပင်ညှိနှိုင်း၍ လုပ်ငန်းများအောင်မြင်စွာဆောင်ရွက်ကြစေလိုကြောင်း၊ မိမိတို့အားလုံး အနေဖြင့် နွေဦးတော်လှန်ရေး၏ရည်မှန်းချက်ကိုသာ အဓိကထားဆောင်ရွက်စေလိုကြောင်း နွေဦးတော်လှန်ရေးအားထိခိုက်စေမည့် မည်သည့်ကိစ္စများကိုမဆို အတတ်နိုင်ဆုံး ရှောင်ကျဉ်ကြစေလိုကြောင်း၊ ကျရောက်လာမည့် မြန်မာနှစ်သစ်ကူးမှစ၍ တစ်နှစ်တာ ကာလလုံး အားလုံးကျန်းမာချမ်းသာကြပါစေကြောင်း” နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပြီး အစည်းအဝေး အခမ်းအနားကို မြန်မာစံတော်ချိန် နေ့လယ် ၁၂ နာရီ ၃၀ မိနစ် အချိန်တွင် အောင်မြင်စွာ ရပ်နားခဲ့သည်။

တရားစွဲနှင့်အမှုလိုက်ဦးစီးဌာန

တရားရေးဝန်ကြီးဌာန

အမျိုးသားညီညွတ်ရေးအစိုးရ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်