၄၉ နှစ်မြောက် အလုပ်သမားသပိတ်လှုပ်ရှားမှုနေ့
ယနေ့ကျရောက်သော ၄၉ နှစ်မြောက် အလုပ်သမားသပိတ်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရအောက်ရှိ တရားရေးဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ်ကို မကြောက်မရွံ့ မယိမ်းမယိုင် တော်လှန်နေကြသောမြန်မာ နိုင်ငံ တစ်ဝန်းလုံးရှိ အရပ်ဒေသအသီးသီးမှ အလုပ်သမားများအားလုံးအပေါ် အလေးအနက် ထား၍ လေးစားဂုဏ်ပြုအပ်ပါသည်။
ယနေ့ကျရောက်သော အလုပ်သမားနေ့သည် အလုပ်သမားများ၏ မဆုတ်မနစ်ကြိုးစားမှု၊ စွန့်လွှတ်အနစ်နာခံမှု၊ ရဲရင့်မှု၊ စိတ်ဓာတ်ခိုင်မာမှု၊ တရားမျှတမှု၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် မယိမ်းမယိုင်သောစိတ်ဓာတ်ကို အသိအမှတ်ပြုသည့် အထိမ်းအမှတ်နေ့လည်းဖြစ်ပါသည်။
တရားရေးဝန်ကြီးဌာနအနေဖြင့်လည်း အာဏာရှင်စနစ်ကိုတော်လှန်နေကြသည့် နိုင်ငံတဝန်းလုံးတွင်ရှိသော အလုပ်သမားများနှင့်အတူ ရပ်တည်လျက် တရားမျှတမှုနှင့် လွတ်လပ်ခွင့်များအတွက် ကြိုးစားနေကြသည့် အလုပ်သမားတိုင်း ရသင့် ရထိုက်သော လွတ်လပ်မှု၊တန်းတူညီမျှမှုများ နှင့် ဥပဒေအကာအကွယ်များ ပေးနိုင်သည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုနိုင်ငံတော်နှင့် ဥပဒေကိုလေးစားလိုက်နာသော လူ့အဖွဲ့အစည်းကို ထူထောင်ရာတွင်လည်း အတူတကွ လက်တွဲ၍ ကြိုးစားသွားမည်ဖြစ်ကြောင်း ဖြစ်ကြောင်း ကတိပြုအပ်ပါသည်။
အလုပ်သမားများအပေါ် စစ်အာဏာရှင်များ ကျူးလွန်ခဲ့သည့် ရာဇ၀တ်မှုများအတွက် တာဝန်ခံမှုရှိစေရန် ရှေ့ဆက်လုပ်ဆောင်သွားမည်ဖြစ်ပြီး လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ရာဇ၀တ်မှုများကို မှတ်တမ်းတင်ထားမည်ဖြစ်သည်။ တရားဥပဒေစိုးမိုးရေး နှင့် လူ့အခွင့်အရေးကို လေးစားလိုက်နာပြီး အားလုံးအတွက် တန်းတူညီမျှသည့် အခွင့်အရေးများကို မြှင့်တင်ပေးမည့် လူ့အဖွဲ့အစည်းကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်။
မြန်မာနိုင်ငံ အစိုးရဝန်ထမ်းများ၊အလုပ်သမားများ စတင်လုပ်ဆောင်ခဲ့သော Civil Disobedience Movement (CDM) အတွက် လည်းများစွာဂုဏ်ယူ လေးစား ထောက်ခံကြောင်း ထပ်လောင်း ပြောကြားလိုပါသည်။ ငြိမ်းချမ်းစွာ ဆန္ဒပြပြီး တော်လှန်တိုက်ပွဲဝင်ခဲ့ကြသည့် အလုပ်သမားများ၏ ခံနိုင်ရည်နဲ့ အနစ်နာခံမှုများအတွက်လည်း များစွာ အသိအမှတ်ပြု လေးစားပါသည်။
သို့ဖြစ်ပါ၍ ယနေ့ကျရောက်သော ၄၉ နှစ်မြောက် အလုပ်သမားသပိတ်နေ့တွင် ပိုမိုတောက်ပသောအနာဂတ်၊ တရားမျှတမှုနှင့် ဒီမိုကရေစီအတွက် မယိမ်းယိုင်သောစိတ်ဓာတ်ဖြင့် အာဏာရှင်စနစ်ပျက်သုန်းသည်အထိအတူလက်တွဲ၍ ဆက်လက်တော်လှန်သွားကြမည်ဟု မိမိတို့ တရားရေးဝန်ကြီးဌာနမှထပ်လောင်းကတိပြုလိုက်ပါသည်။
တရားရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ