ဥပဒေရုံး ဖွဲ့စည်းတည်ထောင်ထားသည့် မြို့နယ်များရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပ.အ.ဖ) များ၊ဥပဒေတာဝန်ခံများနှင့် တွေ့ဆုံဆွေးနွေးသည့် အစည်းအဝေး

      ဥပဒေရုံး ဖွဲ့စည်းတည်ထောင်ထားသည့် မြို့နယ်များရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပ.အ.ဖ) များ၊ဥပဒေတာဝန်ခံများနှင့် တွေ့ဆုံဆွေးနွေးသည့် အစည်းအဝေးအား ၉.၇.၂၀၂၃ ရက်နေ့ မြန်မာစံတော်ချိန် နေ့လယ် (၁း၀၀)နာရီ အချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ တရားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦးမှ အဖွင့်အမှာစကားပြောကြားရာတွင် အင်အားကောင်းသော စီစဉ်မှုများနှင့် ဖက်ဒရယ်ပြည်ထောင်စုသို့ ဦးတည်စေမည့် အရွေ့များအား မကြာခင်တွေ့မြင်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတကာမှအသိအမှတ်ပြုလောက်သည့် အရွေ့များအား မြင်တွေ့နေရပြီဖြစ်ကြောင်း၊ တရားရေးဝန်ကြီးဌာန၏ အဓိကလုပ်ဆောင်မှုသည် Federal Justice ဟု ခေါ်သော ရာဇဝတ်တရားမျှတမှုအား အဓိကထားလုပ်ဆောင်နေသည့်အပြင် Civil Justice ဟု ခေါ်သော ကိုယ့်ရပ်ကိုယ့်ရွာ ကိုယ့်ဒေသကိုယ့်မြို့နယ်များရှိ  ရာဇဝတ်မှုများ၊မတရားမှုများနှင့် ပတ်သက်၍လည်း တရားမျှတမှုရရှိ‌စေရန် အဓိကထားစစ်ဆေးဆောင်ရွက်လျက်ရှိ‌ကြောင်း ရှင်းလင်းပြောကြားသည်။ နယ်မြေစိုးမိုးမှုနှင့် စပ်လျဉ်း၍ ပကဖ၊  ပအဖ များ၏ လုပ်ဆောင်မှုများသည် အရေးကြီးကြောင်း၊ နွေဦးတော်လှန်ရေးမှ ပေးအပ်သောတာဝန်အပေါ်တွင် သစ္စာရှိရန်လိုကြောင်း၊ မြို့နယ် တရားဥပဒေစိုးမိုးရေးကော်မတီများ ဖွဲ့စည်းရန် ဆက်လက်လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း ပြောကြားကာ အစည်းအဝေးတက်ရောက်လာကြသော သက်ဆိုင်ရာရုံးအဖွဲ့များအား ကျေးဇူးတင်ရှိကြောင်းပြောကြားခဲ့သည်။
      ထို့နောက် အစည်းအဝေးတွင် သက်ဆိုင်ရာ မြို့နယ်များရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ခေါင်းဆောင်များနှင့် ဥပဒေတာဝန်ခံများမှ တစ်ဦးချင်း မိတ်ဆက်စကားပြောကြား၍ သက်ဆိုင်ရာ မြို့နယ်များရှိ မှုခင်းဖြစ်ပွားမှု အခြေအနေများအား ရှင်းလင်းတင်ပြခြင်း၊ ဥပဒေအကြံပေးခြင်းတို့ဆောင်ရွက်ခဲ့ကြသည်။လုပ်ငန်းညှိနှိုင်းဆောင်ရွက်နိုင်ရေး နှင့် သက်ဆိုင်ရာ မြို့နယ်များရှိ ဥပဒေရုံးများ၏ ရုံးလုပ်ငန်းလည်ပတ်နိုင်ရေး အခြေအနေ ဆွေးနွေးညှိနှိုင်းခြင်းများလုပ်ဆောင်ခဲ့ကြသည်။ထို့ပြင် မြို့နယ်တရားဥပဒေစိုးမိုးရေးကော်မတီ ဖွဲ့စည်းထားရှိရန် လိုအပ်သည့် အခြေအနေများအားဆွေးနွေးညှိနှိုင်းခြင်း နှင့် ရှေ့လုပ်ငန်းစဉ်များ ချမှတ်ခဲ့ကြကာ အစည်းအဝေးအား မြန်မာစံတော်ချိန် ည‌နေ (၃:၀၀) အချိန်တွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။

တရားရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ

Join Our Telegram Channel… https://t.me/nug_moj

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်