၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁၉ ရက်

မြို့နယ်ဥပဒေတာဝန်ခံများနှင့် တွေ့ဆုံဆွေးနွေးခြင်း အစည်းအဝေးအခမ်းအနား (၁၀/၂၀၂၃)
အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးဌာန၊ တရားစွဲနှင့်အမှုလိုက် ဦးစီးဌာနမှ ကျင်းပပြုလုပ်သော မြို့နယ်ဥပဒေတာဝန်ခံများ တွေ့ဆုံဆွေးနွေးခြင်း အစည်းအဝေး အမှတ်စဥ် (၁၀/၂၀၂၃) အခမ်းအနားကို (၁၉-၈-၂၀၂၃) ရက်နေ့၊မြန်မာစံတော်ချိန် နံနက် (၁၀:၀၀) နာရီအချိန်တွင် ကျင်းပခဲ့သည်။
ထိုအခမ်းအနားသို့ တရားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦး၊ အမြဲတမ်းအတွင်းဝန် ဒေါ်မေအောင်သူ၊ သက်ဆိုင်ရာ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်း အတွင်းဝန်များ၊ အကြံပေးပုဂ္ဂိုလ်များ၊ ညွှန်ကြားရေးမှူးများ၊ ရုံးအဖွဲ့မှူးများ၊ တရားစွဲနှင့်အမှုလိုက်ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဆက်သွယ်ရေးတာဝန်ခံများနှင့် မြို့နယ်(၁၈)မြို့နယ်မှ ဥပဒေတာဝန်ခံ(၂၂) ဦးတို့တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ တရားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦးမှ “အစည်းအဝေး တက်ရောက်လာသူများအား မင်္ဂလာပါဟု ဦးစွာနှုတ်ခွန်းဆက်သကြောင်း၊ လက်သုံးချောင်း ထောင်ပြီးစခဲ့သော နွေဦး တော်လှန်ရေးသည် နှစ်နှစ်ခွဲ ကာလအတွင်း စစ်ကောင်စီဘက်မှ ရန်ကုန် ၊မန္တလေး၊ နေပြည်တော်နှင့် ဧရာဝတီတိုင်းလောက်သာထိန်းချုပ်နိုင်ပြီး လုံးဝထိန်းချုပ် နိုင်တဲ့အနေအထားမရှိတော့ကြောင်း၊ တော်လှန်ရေးအချိုး အကွေ့သို့ရောက်လာပြီဖြစ် ကြောင်း၊ တရားရေးဝန်ကြီးဌာနသည် တော်လှန်ရေး၏ ရေစီးကြောင်း တစ်ခုဖြစ်ကြောင်း ၊တရားရေးဝန်ကြီးဌာနသည် ဥပဒေရုံးများ၊ တရားရုံးများ၊ အကျဉ်းဦးစီးဌာန အစရှိသဖြင့် သုံးချောင်းထောက်စနစ်ဖြင့် သွားနေကြောင်း၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန နှင့် တရားရေးဝန်ကြီးဌာနတို့သည် နှစ်ထပ်ကွမ်း သုံးချောင်းထောက်စနစ်ဖြင့် ပူးပေါင်းဆောင်ရွက်နေကြောင်း၊ အချင်းချင်းဖေးမ ကူညီဆောင်ရွက်ရင်း တော်လှန်ရေးအတွက် ပိုမိုတိုးတက်ကောင်းမွန်သော လုပ်ငန်းများ လုပ်ဆောင်နိုင်ကြမည် ဟု ယုံကြည်ကြောင်း” အဖွင့်အမှာစကားပြောကြား၍ အစည်းအဝေး အခမ်းအနားကို စတင်ခဲ့ သည်။
ထို့နောက် အမြဲတမ်း အတွင်းဝန် ဒေါ် မေ အောင် သူ မှ မိတ်ဆက် စကားပြော ကြား ပြီးနောက် တရားစွဲ နှင့် အမှုလိုက် ဦး စီး ဌာန ၊ ညွှန်ကြားရေးမှူးချုပ် ဦးနိုင်မျိုးထွန်း မှ လုပ်ငန်းဆောင်ရွက်ချက်များ နှင့် ပတ်သက်၍ ရှင်းလင်း ဆွေးနွေး တင်ပြခဲ့ပြီး ဥပဒေ တာဝန် ခံများ၏ ကြိုတင် မေးမြန်းချက် များအပေါ် သက်ဆိုင်ရာ ဦး စီး ဌာနမှ တာဝန်ရှိသူ များမှ ပြန်လည် ဖြေ ကြား ခြင်း ၊ အထွေထွေ ဆွေးနွေးခြင်း ၊ အစည်းအဝေးဆုံးဖြတ်ချက် ချမှတ် ခြင်း နှင့် ရှေ့ လုပ်ငန်း စဉ် များ ချမှတ်ခြင်း တို့ကို ဆောင်ရွက် ခဲ့ကြပါသည် ။
ဆက်လက်၍ အစည်းအဝေးဆုံးဖြတ်ချက်နှင့် ရှေ့လုပ်ငန်းစဥ်များအား တရားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦးကိုယ်စား အမြဲတမ်းအတွင်းဝန် ဒေါ်မေအောင်သူ မှ အတည်ပြုပေးခဲ့ပြီး တဆက်တည်း နိဂုံးချုပ်အမှာစကားပြောကြားရာတွင် “ယခုလို ဥပဒေတာဝန်ခံများနှင့်တွေ့ဆုံသည့် အစည်းအဝေးတွင် နိဂုံးချုပ်အမှာစကားပြောကြား ရသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ တရားရေးဝန်ကြီးဌာနသည် ယခင်က သီးခြားစီ ဖွဲ့စည်းခဲ့သည့် တရားရုံး၊ ဥပဒေရုံး၊ အကျဉ်းဦးစီးဌာန စသည့် ဌာနသုံးခုပေါင်းစပ်ဖွဲ့စည်းထား ကြောင်း၊ ဟန်ချက်ညီညီ ပေါင်းစပ်လှုပ်ရှားကြရင်း တစ်သားတည်းဟု ခံယူထားစေချင်ကြောင်း၊ အချင်းချင်းပိုမိုစည်းလုံးကြရင်း လွတ်လပ်သော တရားစီရင်ရေးကို ဖော်ဆောင်ကြရမည်ဖြစ်ကြောင်း၊ လိုအပ်သော မွမ်းမံသင်တန်းများ ပေးနိုင်ရေးအတွက်လည်း ကြိုးပမ်းသွားမည်ဖြစ်ကြောင်း၊ ယနေ့ အစည်းအဝေး ဆွေးနွေးချက်များမှ မြေပြင်တွင် လုပ်ကိုင်ဆောင်ရွက်ရာတွင် အထောက်အပံ့ကောင်းများ ရရှိမည်ဟု ယုံကြည်ကြောင်း၊ ဥပဒေတာဝန်ခံများအားလုံး လုံခြုံဘေးကင်းစွာ လုပ်ငန်းတာဝန်များ ဆောင်ရွက်နိုင်ပါစေဟုဆုမွန်ကောင်းတောင်းပါကြောင်း ” နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေး အခမ်းအနားကို မြန်မာစံတော်ချိန် နေ့လယ် ၁ နာရီ ၂၀ မိနစ် အချိန်တွင် အောင်မြင်စွာ ရပ်နားခဲ့သည်။

တရားစွဲနှင့်အမှုလိုက်ဦးစီးဌာန
တရားရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်