ကြားကာလပြည်သူ့တရားစီရင်ရေး ဖော်ဆောင်မှုကော်မတီ အစည်းအဝေး အမှတ်စဉ် (၈/၂၀၂၃)ကို (၁၈-၈-၂၀၂၃) ရက်နေ့ မွန်းလွဲ ( ၁:၀၀)နာရီ အချိန်တွင် စတင်ကျင်းပခဲ့သည်။
အစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌ- ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ ဒုတိယဥက္ကဌ (၁) – ဦးအောင်ကြည်ညွန့်၊ ဒုတိယဥက္ကဋ္ဌ (၂) -တရားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦးနှင့် ကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။
ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက တရားစီရင်ရေးကဏ္ဍသည် နိုင်ငံတစ်ခု၏မဏ္ဏိုင်တစ်ခုဖြစ်သည်နှင့် အညီ ကျယ်ပြန့်ပြီးလက်ရှိတွင် တရားရေးဝန်ကြီးဌာန၏ တာဝန်ယူ၊တာဝန်ခံမှုသည် ကြီးလေး ကြောင်း၊ တော်လှန်ရေးကာလတွင် မိမိတို့အစိုးရအနေဖြင့် တရားဥပဒေစိုးမိုးရေးနှင့် တရားစီရင်ရေးကဏ္ဍ ပိုမိုအားကောင်းစေရန် တရားရေးဝန်ကြီးဌာနအပြင် အခြား ဝန်ကြီးဌာနများအားလုံး ပူးပေါင်းချိတ်ဆက်ကြရန် အရေးကြီးကြောင်း၊ တော်လှန်ရေးသည်အရှိန် အဟုန်ဖြင့်သွားနေပြီဖြစ်၍ ကဏ္ဍပေါင်းစုံမှဆောင်ရွက်ရန်ရှိသည်များကို မြန်မြန်ဆန်ဆန်ဆောင် ရွက်သွားကြရန်တိုက်တွန်းလိုကြောင်း၊ အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ဆက်လက်၍ အစည်းအဝေးတက်ရောက်လာသူများမှ တော်လှန်ရေးကာလ(၂)နှစ်ခွဲအတွင်း တွေ့ကြုံခဲ့ရသည့် တရားစီရင်ရေးလုပ်ငန်းများနှင့် စပ်လျဉ်းသည့် အခြေအနေများအားတင်ပြဆွေးနွေးမှုပြုခဲ့ကြပြီးနောက် တရားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦးက ရှေ့တန်းမှPDFများ၊ တော် လှန်ရေးအဖွဲ့အစည်းများ၏အောင်မြင်မှုသည် အင်မတန်အားကောင်းလာပြီဖြစ်၍ မိမိတို့အနေ ဖြင့်ပိုမိုကြိုးပမ်းအားထုတ်ကြရန် လိုအပ်ကြောင်းပြောကြားခဲ့သည်။
ထို့နောက် ကော်မတီဥက္ကဋ္ဌ- ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက တရားစီရင်ရေးကဏ္ဍ အားကောင်းစေခြင်းသည်နိုင်ငံတကာမှ စိတ်ဝင်စားသည့်အရေးဖြစ်ကြောင်း၊ နိုင်ငံတကာမှ အကူအညီများရရှိအောင် ဝိုင်းဝန်းကြိုးပမ်းကြရန် တိုက်တွန်းလိုကြောင်း နိဂုံးချုပ် အမှာစကားပြောကြားခဲ့ပြီး အစည်းအဝေးအား ညနေ (၃:၁၀)နာရီတွင် အောင်မြင်စွာ ရပ်နားခဲ့သည်။
Join Our Telegram Channel…. https://t.me/nug_moj
တရားရေး၀န်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ
